ပခုက္ကူ ဇန်နဝါရီ ၂
၂၀၂၄ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်အကြို စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါပြိုင်ပွဲတွင် ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူတို့က စာစီစာကုံးပြိုင်ပွဲတွင် (၇၆)ဦး၊ ကဗျာပြိုင်ပွဲတွင် (၇၆)ဦး စုစုပေါင်း (၁၅၂)ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပြည်ထောင်စုထာဝရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းကြိုးပမ်းလှုပ်ရှားဆောင်ရွက်ခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ပုဂ္ဂိုလ်ကြီးများအား အစဉ်အမြဲအောက်မေ့သတိရပြီး တန်ဖိုးထား လေးစားမြတ်နိုးတတ်စေရန်၊ ပြည်ထောင်စုကြီးအတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုတိုင်း၏ စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများကို တန်ဖိုးထား ထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်စေရန်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ထာဝစဉ်ရှင်သန်ထက်မြက်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပြီး ဒီဇင်ဘာလ၃၀ရက်နေ့တွင် ကျပန်းစကားပြောပြိုင်ပွဲကျင်းပရာ အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၄)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)