အထက်မင်းလှ ဇန်နဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီခွဲက လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ကျင်းပခဲ့သည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးဦးဝင်းလှိုင်က ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်လူရွယ်များ အခြေခံ အားကစားနည်းများ တတ်မြောက်ကျွမ်းကျင်စေရန်၊ အချင်းချင်းပူးပေါင်းပါဝင်တတ်စေရန်၊ အနာဂတ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားပြီး ပြိုင်ပွဲစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဘော်လီဘောပြိုင်ပွဲကျင်းပခဲ့ရာ (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲကို အခြေခံပညာကျောင်းများနှင့် ဌာနဆိုင်ရာများမှ အသင်း (၅) သင်းက ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့်အသင်းများကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)