ပွင့်ဖြူ ဇန်နဝါရီ ၂
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်သည် တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးသင်းမင်းလတ်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဇန်နဝါရီ ၂ ရက်၊ ယနေ့နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ် ညောင်ပင်ရွာကျေးရွာသွား မြေသားလမ်းအား တိုင်းဒေသကြီးဘတ်ဂျတ် ငွေလုံး၊ ငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုလုပ်ငန်းခွင်သို့ ရောက်ရှိပြီး ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လုပ်ငန်းအရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပွင့်ဖြူမြို့နှင့် ညောင်ပင်ရွာကျေးရွာသို့ ဆက်သွယ်သွားလာသည့် မြေသားလမ်းအရှည်ပေ ၇ ဖာလုံအား ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာသွားလာနိုင်ရေးအတွက် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၂၁၆ ဒသမ ၈၅ သန်းဖြင့် လမ်းအကျယ် 3.66 m ၊ လမ်းအမြင့်ထု (150mm×150mm×75mm) ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ၈၅ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးသင်းမင်းလတ်နှင့် တာဝန်ခံအင်ဂျင်နီယာများက ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့်ပတ်သက်ပြီး အချိန်မီပြီးစီးရေး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာ ကူးလူးဖြတ်သန်းသွားလာနိုင်ရေးအတွက် လုပ်ငန်းအရည်အသွေး ရေရှည်တည်တံ့ကောင်းမွန်အောင် ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ရန် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပွင့်ဖြူမြို့နယ် ညောင်ပင်ရွာကျေးရွာသွား မြေသားလမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းမှာ ယခုအခါ ၈၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်၍ မကြာမီအချိန်တွင် လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးတော့မည်ဖြစ်ရာ ပွင့်ဖြူမြို့နယ် ညောင်ပင်ကျေးရွာအပါအဝင် ကျေးရွာ(၄)ရွာမှ အိမ်ခြေ ၁၂၉၈ အိမ်၊ လူဦးရေ ၄၈၄၃ ဦးအတွက် ရာသီမရွေး အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်မည့်အပြင် ဒေသ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် များစွာအကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ)ဒေါ်မိမိလွင်ထံမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)