ဂန့်ဂေါမြို့၊ ဘုရားကြီးမြောက်ကျောင်း၊ ဒေဝမုနိဘုရားကြီး၏ဘုရားရင်ပြင်အား နေပူဒဏ်ခံကျောက်ပြားခင်းခြင်း နှစ်သစ်ကူးအလှူ ကုသိုလ်ကောင်းမှု ရေစက်ချပွဲအခမ်းအနား ပြုလုပ်

ဂန့်ဂေါ ဇန်နဝါရီ ၂

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများနှင့် စေတနာရှင်အလှူရှင်များမှ မြောက်ကုန်းရပ်ကွက်ရှိ ဘုရားကြီးမြောက်ကျောင်း၊ ဒေဝမုနိဘုရားကြီး၏ ဘုရားရင်ပြင်အား နေပူဒဏ်ခံကျောက်ပြားခင်းခြင်း ကုသိုလ်ကောင်းမှုအား ရေစက်ချပွဲအခမ်းအနားကို ဇန်နဝါရီ ၁ရက် နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြပြီး မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဂန့်ဂေါမြို့ မြို့ခင်းသာပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဇဋိလထံမှ ငါးပါးသီလကို ခံယူဆောက်တည်ကြကာ ဆရာတော်ဘုရားထံမှ ဩဝါဒအနုမောဒနာတရား နာယူကြည်ညိုခဲ့ကြသည်။

ဆက်လက်၍ ဂန့်ဂေါမြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဇဋိလအမှူးပြု၍ ပင့်သံဃာဆရာတော်ကြီးများထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးဇော်လွင်ဦးနှင့် ဇနီးဒေါ်သီတာကြိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးရဲရန်ပိုင်နှင့်ဇနီး၊ ခရိုင်အဆင့်တာဝန်ရှိသူတို့က လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုတ်သိမ်းခဲ့ပြီးနောက် ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

နှစ်သစ်ကူးအလှူအဖြစ် ဂန့်ဂေါခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများနှင့် စေတနာရှင်အလှူရှင်များမှ မြောက်ကုန်းရပ်ကွက်ရှိ ဘုရားကြီးမြောက်ကျောင်း၊ ဒေဝမုနိဘုရားကြီး၏ ဘုရားရင်ပြင်ပေါ်၌ ဘုရားကြည်ညိုလာ မိဘပြည်သူများ အပူဒဏ်သက်သာစေရန်ရည်ရွယ်၍ နေပူဒဏ်ခံကျောက်ပြားများလှူဒါန်းခဲ့ပြီး လှူဒါန်းပွဲ၏ စုစုပေါင်းတန်ဖိုးမှာ (၁၃၂) သိန်းကျပ်ဖြစ်ကြောင်း သိရှိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)