မြို့သစ် ဇန်နဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းဖွင့်ပွဲအား ယနေ့နံနက် ၈ နာရီက မြို့သစ်မြိူ့၊ ရွှေလရောင် ကွက်သစ်ရပ်ကွက်၊ စကားဝါလမ်း၌ ကျင်းပသည်။
ရှေးဦးစွာ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးဆန်းဝင်းကစည်ပင် သာယာရေးဆိုင်ရာလုပ်ငန်းနှင့်ပတ်သက်၍လည်းကောင်း၊ မြို့သစ်မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့တာဝန်ခံ အင်ဂျင်နီယာ ဦးဗိုလ်ဌေးက စကားဝါလမ်း ကွန်ကရစ်လမ်းသစ်ခင်းခြင်းနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကွက်သစ်ရပ်ကွက်၊ ရပ်မိရပ်ဖ ဦးလှသိန်းကကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက်ကွန်ကရစ်လမ်းသစ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်ထက်၊ မြို့ နယ်စမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးသိန်းလင်း၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဆန်းဝင်း၊ မြို့နယ်လုံခြုံရေးအရာရှိ ဗိုလ်ကြီးစောအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ကွန်ကရစ်လမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ကွက်သစ်ရပ်ကွက်၊ စကားဝါလမ်းကွန်ကရစ်လမ်းသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ စည်ပင်သာယာရေးအဖွဲ့၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ (၃၁ ဒဿမ ၉၀) ကျပ်သန်း ကုန်ကျခံဆောင်ရွက်သည့် လမ်းအရှည် (၁၁၀၀) ပေ၊ လမ်းအကျယ် (၁၂) ပေနှင့် ထု (၈) လက်မ ရှိပြီး အဆိုပါကွန်ကရစ်လမ်း ဆောင်ရွက်ပေးခြင်းဖြင့် ရပ်ကွက်နေလူထုလူမှုစီးပွားရေး ဖွံ့ဖြိုးရန်အတွက် အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့က သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)