နတ်မောက် ဇန်နဝါရီ ၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် မိုးစပါး (၂၄၈၆၀) ဧက စိုက်ပျိုးထားရှိသည့် စပါးခင်းများအား ကောင်း၊ သင့်၊ ညံ့ကိုယ်စားပြုအလွှာလိုက်ခွဲခြားပြုစု၍ ကွင်းအလိုက်၊ မျိုးကွဲအလိုက်၊ ရေသောက်နည်းအလိုက် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
မိုးစပါး (ဆင်းသုခ) စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက်ပိုင်းက နတ်မောက်မြို့နယ် ကန်ကြီးကုန်းကျေးရွာတွင် ဆောင်ရွက်ခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ကွင်းဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိတို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိက စိုက်ပျိုးရေးကို အခြေခံ၍ အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်းနှင့် တောင်သူလယ်သမားများ၏ လူနေမှုူဘဝမြင့်မားတိုးတက်ရေး၊ လယ်ယာထွက်ကုန်သီးနှံများ အထွက်နှုန်းမြင့်မားရေး၊ ဈေးကွက်ဝင်သီးနှံများနှင့် အဓိကသီးနှံများ ဈေးကောင်း ရရှိရေးတို့ကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ကျေးရွာရှိ တောင်သူများအား ပြောကြားခဲ့သည်။ အဆိုပါမိုးစပါး (ဆင်းသုခ) စံကွက်ရိတ်သိမ်းပွဲတွင် ကန်ကြီးကုန်းကျေးရွာ တောင်သူ ဦးအောင်ထွန်း၏ ကွင်းအမှတ် (၁၀၁၈)ကွင်းရှိ တစ်ဧကစိုက်ခင်းအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့် ကျေးရွာရှိ တောင်သူများ ရိတ်သိမ်းခဲ့ရာ မိုးစပါး(ဆင်းသုခ) တစ်ဧက အစို (၁၀၅) တင်းထွက်ရှိကြောင်း သိရသည်။
လှဝင်း