မကွေး ဇန်နဝါရီ ၂
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတက္ကသိုလ်ရှိ စန္ဒကူးကျောင်းသူဆောင်ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပရာ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦး၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသူများ တက်ရောက်သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် မကွေးတက္ကသိုလ် ပါမောက္ခချုပ်တို့က စန္ဒကူးကျောင်းသူဆောင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က စန္ဒကူးကျောင်းသူဆောင်ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စန္ဒကူးကျောင်းသူဆောင် ကဗ္ဗည်းမော်ကွန်းအား အနွေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးခဲ့ပြီး စန္ဒကူးဆောင်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် စန္ဒကူးပင်များအား စိုက်ပျိုးပေးကြသည်။
အဆိုပါ စန္ဒကူးကျောင်းသူဆောင်သည် လူဦးရေ (၄၀၀) ဆံ့ကာ လေးထပ်ဆောင်အမျိုးအစားဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် စတင်တည်ဆောက်၍ ၂၀၂၃ ခုနှစ် မတ်လတွင် ရာနှုန်းပြည့်ပြီးစီးခဲ့ကာ စုစုပေါင်းကုန်ကျငွေ (၁၆၃၈ ဒသမ ၉၁၂) သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောင်ကို (ပြန်/ဆက်)