ပလောက်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ပလောက် အောက်တိုဘာ ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီ အချိန်ခန့်က မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရွှေသီ လာ ရတနာ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပလောက်မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေက ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် မဲရုံများစနစ်တကျ ဖွင့်လှစ်ဆောင်ရွက်ရန်၊ အရေးပေါ်ကိစ္စများ ဖြစ်ပေါ်လာပါက မည်သို့ဆောင်ရွက်ရ မည်ကို ရွေးကောက်ပွဲ အထူးရဲများအား လက်တွေ့လေ့ကျင့် သင်တန်းပေးထားရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် မှာကြားဆွေးနွေးပြီးနောက်၊ ပလောက်နယ်မြေရဲစခန်းမှူး ရဲအုပ်စိုးဝင်းက အထူးရဲ သင်တန်းဖွင့်လှစ်မှု အခြေအနေ၊ လုံခြုံရေးတာဝန်ချထားမှု အခြေအနေနှင့် ရွေးကောက်ပွဲကျင်းပစဉ် ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်