ငဖဲမြို့နယ် တောင်ပေါ်ဒေသကျေးရွာများတွင် ဘိန်းစိုက်ပျိုးမှုလျော့နည်းပပျောက်ရေး အသိပညာပေး ဟောပြော

ငဖဲ ဇန်နဝါရီ

မကွေးတိုင်းဒေသကြီးမင်းဘူးခရိုင်ငဖဲမြို့နယ် တောင်ပေါ်ဒေသတွင် ဘိန်းစိုက်ရာသီကာလ၌ ဘိန်းစိုက်ပျိုးမှုမရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးဖျက်ဆီးခြင်းနှင့် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ရန်အတွက် ကပစ(၁၄)မှ ဗိုလ်မှူးလင်းအောင်ထွန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စခန်းမှူး ဒုရဲမှူးဇော်ဝင်း ဦးစီးသောလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းစစ်ကြောင်းအဖွဲ့ (၂)သည် ယနေ့နံနက်ပိုင်းက တောင်ပေါ်ဒေသကျေးရွာများတွင် ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် စစ်ကြောင်းအဖွဲ့(၂) ကပစ (၁၄)မှ ဗိုလ်မှူး မင်းနောင်ထွန်းက နယ်မြေလုံခြုံရေးဆိုင်ရာများ၊ မူးယစ်တပ်ဖွဲ့စု(၁၅) မကွေးမှ ဒုရဲအုပ်အောင်ကျော်ဌေးက မူးယစ်ဆေးဝါးပပျောက်ရေး၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စခန်းမှူး ဒုရဲမှူးဇော်ဝင်းက မှုခင်းလျော့နည်းကျဆင်းရေးနှင့် ဘိန်းစိုက်ပျိုးမှုမပြုလုပ်ရန်၊ ဘိန်းအစား အခြားဝင်ငွေကောင်းသည့် အစားထိုးနှစ်ရှည်သီးနှံပင်များစိုက်ပျိုးရန်နှင့် ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ ဌာနဆိုင်ရာများမှ သစ်တောပြုန်းတီးမှုမရှိစေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အိမ်ထောင်စုဇယားနှင့် နိုင်ငံသားမှတ်ပုံတင်ကတ်များပြုလုပ်နိုင်ရေး စသည်တို့ကို ရှောက်ရင်းကျေးရွာ၊ နောင်ကျေးရွာနှင့် ထော်ဇာ ကျေးရွာများမှ တောင်သူများအား အသိပညာပေးဟောပြောခဲ့သည်။

ဟောပြောပွဲအပြီးတွင် ကပစ(၁၄)မှ ဆေးတပ်သားအဖွဲ့က ဒေသခံတောင်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးပြီး လိုအပ်သော ဆေးဝါးများ အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)