သရက်ချောင်းမြို့နယ်တွင် ယူရီးယား(Urea)ဓာတ်မြေဩဇာ (စတုတ္ထအကြိမ်) စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကျင်းပ

သရက်ချောင်း   ဇန်နဝါရီ    ၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သော ၂၀၂၃-၂၀၂၄ခုနှစ် မိုးစပါးလက်ကျန်၊ နွေစပါးနှင့် ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများအား ယူရီးယား(Urea) ဓာတ်မြေဩဇာ (စတုတ္ထအကြိမ်) စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာအခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်က အဖွင့်အမှာစကားပြောကြားပြီး သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းက နိုင်ငံတော်အနေဖြင့် ဒေသခံတောင်သူများ ဝင်ငွေတိုးတက်ရရှိကာ လူမူစီးဖွံ့ဖြိုး တိုးတက်လာစေရန် ဓာတ်မြေဩဇာများအား ဈေးနှုန်းသက်သာစွာထောက်ပံ့ပေးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များရရှိ စေရေးနှင့် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာစိုက်ပျိုးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးနေလျက်ရှိကြောင်း၊ ဒေသခံတောင်သူများအားလုံးကလည်း  သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ပူးပေါင်းကာ ကြိုးစားဆောင်ရွက်ကြဖို့လိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်သက်သာပြီး လယ်ယာမြေအတွက် ရေရှည်အကျိုးပြုနိုင်သည့် သဘာဝမြေဩဇာများကို စနစ်တကျ ထည့်သွင်းအသုံးပြုကြဖို့လိုကြောင်း၊ သီးနှံထွက်ကုန်များ အရည်အသွေးကောင်းမွန်စေရေးဆောင်ရွက်မှုနှင့်အတူ တန်ဖိုးမြှင့်ထုတ်ကုန်များ ဖန်တီးထုတ်လုပ်နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်သွားကြဖို့လိုကြောင်းနှင့်  မိုးစပါးလက်ကျန်၊ နွေစပါးနှင့် ဆောင်းသီးနှံ စိုက်ပျိုးသည့်တောင်သူများအား ယူရီးယား(Urea) ဓာတ်မြေဩဇာများ စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးရခြင်းရည်ရွယ်ချက်များအားရှင်လင်းဆွေးနွေးခဲ့သည်။

ထို့နောက်အခမ်းအနားသို့ တက်ရောက်လာသော ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်နှင့် တာဝန်ရှိသူများက တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများပေးအပ်ကာ အခမ်းအနားရုပ်သိမ်းခဲ့ပြီး သရက်ချောင်းမြို့နယ်အတွင်းရှိ ၂၀၂၃-၂၀၂၄ခုနှစ်၊ မိုးစပါးလက်ကျန်၊ နွေစပါးနှင့် ဆောင်းသီးနှံစိုက်ပျိုးသည့်တောင်သူများအား ယူရီးယားဓာတ်မြေဩဇာတစ်အိတ်လျှင် (၄၂၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း( ၈၀၃)အိတ်ကို မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၇)အုပ်စု ရှိတောင်သူများအား စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထံမှသိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)