မင်းဘူး အောက်တိုဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြု လူနာ (၅)ဦး ကျန်းမာရေးကောင်မွန်၍ (အောက်တိုဘာ ၂၇ ရက်) ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်က ပြောသည်။
ဆေးရုံဆင်းခွင့်ရရှိသူ(၅)ဦးအနက် မင်းဘူးမြို့အမှတ်(၁) သိမ်ကုန်းရပ်နေသူ အမျိုးသမီး ၁ ဦးသည် ရန်ကုန်မှ ပြန်လာသူဖြစ်ပြီး အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၂ ဦး တို့မှာ ကုန်းသာ ကျေးရွာတွင် နေထိုင်သူများဖြစ်ကြောင်း၊ အောက်တို့ဘာ ၁၈ ရက်နေ့က ဓါတ်ခွဲနမူနာရယူကာ ရန်ကုန်(NHL)သို့ ပေးပို့စစ်ဆေးခဲ့ရာမှ ပိုးတွေ့ရှိသူများဖြစ်သည်။ ယခုလက်ရှိတွင် ကုန်းသာ ကျေးရွာကို ပိုးတွေ့လူနာနှင့် ဆက်စပ်သူများသောကြောင့် ကျေးရွာကို အဝင်အထွက် ကန့်သတ်ထားဆဲဖြစ်ကြောင်း သိရသည်။
ဆေးရုံဆင်းခွင့်ရရှိသူများကို လူမှုကူညီးရေးအသင်းများမှ မော်တော်ယာဉ်များဖြင့် နေအိမ် အရောက်ပို့ဆောင်ပေးခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ Home Quarantine (၇)ရက် ဆက်လက်နေထိုင်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့တွင် ယနေ့အထိ ပိုးတွေ့အတည်ပြုလူနာ (၃၂)ဦးတွေ့ရှိခဲ့ပြီး ယနေ့ဆေးရုံ ဆင်း ခွင့်ရရှိသူ (၅)ဦး အပါအဝင် ဆေးရုံဆင်းခွင့်ရရှိသူပေါင်း (၂၀)ဦးရှိကြောင်း၊ လက်ရှိ ဆေးရုံကြီး တွင် တက်ရောက်ဆဲလူနာ (၁၂)ဦးကျန်ရှိပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း ခရိုင်ပြည်သူ့ ဆေးရုံ အုပ်ကြီး ဒေါက်တာတင့်ခိုင်ထံမှ သိရသည်။
မောင်မောင်(မင်းဘူး)