စစ်ကိုင်းတောင်ရိုးရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာကျောင်းတွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် စုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ

စစ်ကိုင်း ဇန်နဝါရီ ၁

စစ်ကိုင်းတောင်ရိုးရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ (IBEC) ကျောင်းတွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်စုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီ (၁) ရက်၊ နံနက်ပိုင်းက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က အဖွင့်နှုတ်ခွန်း ဆက်အမှာစကားပြောကြားပြီး စစ်ကိုင်းပညာရေးတက္ကသိုလ်ပါမောက္ခချုပ်၊ သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်ပါမောက္ခချုပ်၊ စစ်ကိုင်းတက္ကသိုလ်ပါမောက္ခချုပ်၊ ခရိုင်ပညာရေးမှူး နှင့် နိုငံတကာ အထူးဧည့်သည်တော်တို့က နှစ်သစ် ကို ကြိုဆိုပါကြောင်းနှင့် ဝမ်းမြောက်အမှာစကားများ အသီးသီး ပြောကြားပေးခဲ့ကြကာ ကျောင်းသား/ ကျောင်းသူလေးများက “ကြိုဆိုပါသည် စုံညီပြွတော်” သီချင်းဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကြသည်။

ဆက်လက်၍ (IBEC) အနုပညာ၊ စာပေ၊ ဂီတဌာန၏ ရွက်နုထွေးနံရံကပ်စာစောင်ကဏ္ဍတွင် မောင်နေလင်းထွန်းက “ ယနေ့မြန်မာပြည်” ကဗျာခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအေးအေးမွန်က “ အပူပိုင်းဇုန်ကဗျာဖြင့်လည်းကောင်း၊ မောင်ခန့်သီဟဇော်က “ကွာခြားမှုနှစ်ခု” ကဗျာခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအိမ့်ရတနာမွန်က “စာသင်ချင်တယ်” ကဗျာခေါင်းစဉ်များဖြင့် ရွတ်ဖတ်သီဆို ပေးခဲ့ကြပြီး (IBEC) ပဓာန နာယကဆရာတော်က နှစ်သစ်ကူးမိန့်ခွန်း မြွတ်ကြားကာ စုံညီပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြ၍ ကျောင်းသား/ ကျောင်းသူများက “ ငြိမ်းချမ်းစေချင်သည်မြန်မာပြည်” သီချင်းကို သံပြိုင်သီဆိုပေးခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင် (ပြန်/ဆက်)