ကျုံပျော် ဇန်နဝါရီ ၁
ကလေးများ၏ ကာယ၊ ဉာဏ စွမ်းရည်များ ဘက်စုံ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ အထောင်မြို့ မူလတန်းကြိုကျောင်း၏ ကျောင်းတွင်း ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တက်ရောက်လာသည့် ဌာနဆိုင်ရာ အကြီးအကဲများက အခမ်းအနားအားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး၊ အထောင်မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက အဖွင့်အမှာစကားပြောကြားကာ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝေဝေလွင်ကဌာန၏လုပ်ငန်းဆောင်ရွက်မှုကိစ္စများ၊ ကလေးများအတွက် ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍အမှာစကားပြောကြားသည်။
ထို့နောက် မူကြိုကလေးငယ်လေးများက ပန်းပွားအကဖြင့် ဖျော်ဖြေကြပြီး၊ အာလူးကောက်၊ အပ်ချဉ်ထိုး၊ ပူပေါင်းဖောက်၊ ဇကောရွက်၊ ဂုံနီအိတ်စွပ်၊ ထိုင်ခုံလုစသည့်ကာယစွမ်းရည်ပြိုင်ပွဲများအားအသီးသီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကာ တာဝန်ရှိသူများက ပြိုင်ပွဲတွင် ဆုရရှိကြသည့် မူကြိုကလေးငယ်များအား ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မူကြိုကျောင်းအုပ်ကြီးနှင့် ၀န်ထမ်းများ၊ ကျောင်းသားမိဘများ၊ မူကြိုကလေးငယ်များ အသီးသီး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)