အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)၌ အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာ ဖြင့်ရောင်းချပေး

ကျိုက်လတ်   ဇန်နဝါရီ  ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ပြည်သူများ လူမှုဘဝစားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် စားနပ်ရိက္ခာများသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက် နိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီက အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)တွင် အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာဖြင့်   ရောင်းချပေးခဲ့သည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်စီစဥ်မှုဖြင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးရာတွင် ကြက်သား(၁)ပိဿာလျှင်(၁၀၀၀၀)ကျပ်နှုန်းဖြင့် ပိဿာချိန်(၂၀)ပိဿာ၊ ဝက်သား (၁)ပိဿာလျှင် (၁၅၀၀၀)ကျပ်နှုန်းဖြင့် ပိဿာချိန်(၁၀)ပိဿာ၊ ဆီ(၁)ပိဿာလျှင်(၅၀၀၀)ကျပ်နှုန်းဖြင့် ပိဿာချိန်(၂၅)ပိဿာ၊ ကြက်ဥ/ဘဲဥ(၁)လုံးလျှင် (၂၅ဝ)ကျပ်နှုန်းဖြင့် အလုံးရေ(၈၀၀)လုံး နှင့် ဟင်းသီးဟင်းရွက်များအား သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးသောကြောင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဝယ်ယူမှုများခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာသို့ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပြည်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်