ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကုလားပဲသီးနှံ ၃၉၂၀၁ ဧက စိုက်ပျိုးပြီးစီး

ပွင့်ဖြူ ဇန်နဝါရီ ၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကုလားပဲသီးနှံဧက ၃၉၂၀၁ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် ပြည်တွင်းစားသုံးမှုလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ တစ်မြို့နယ်လုံး ကုလားပဲသီးနှံ ၂၁၈၄၃ ဧက စိုက်ပျိုးရန် လျာထားရှိပြီး ဒေသခံတောင်သူများက အောက်တိုဘာ ဒုတိယပတ်က စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ ၃၉၂၀၁ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း၊ ထိုသို့ ဆောင်းသီးနှံကုလားပဲစိုက်ပျိုးရာတွင် ဒေသခံတောင်သူများက သီးနှံအထွက်နှုန်းသည့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)မှ ဖြန့်ဖြူးပေးသော မျိုးကောင်း၊ မျိုးသန့် ရေဆင်း(၆)နှင့် ရေဆင်း(၁၂) ကုလားပဲမျိုးစေ့များကို အားထားစိုက်ပျိုးကြကြောင်း သိရသည်။ ထို့အပြင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ (မြေ၊ မျိုး၊ ပိုး) တာဝန်ခံဝန်ထမ်းများကလည်း ဒေသတွင်းရှိ တောင်သူများ ဆောင်းသီးနှံကုလားပဲ စိုက်ပျိုးရာတွင် တစ်ဧကပန်းတိုင်အထွက်နှုန်းတိုးတက်မြင့်မားစေရေး မြေဆီလွှာကောင်းမွန်စေရန် လုပ်ဆောင်ရမည့်နည်းစနစ်များ၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်ရန်နည်းလမ်းများနှင့် အခြေခံသီးနှံစိုက်ပျိုးနည်းစနစ်များကို ကွင်းဆင်းပညာပေးခြင်းများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

"ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေဖို့နဲ့ ပဲမျိုးစုံသီးနှံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်းသီးနှံကုလားပဲ စိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၂၁၈၄၃ ဧက စိုက်ပျိုးရန် လျာထားရှိပြီး ဒေသခံတောင်သူများက လျာထားဧကပြည့်မီရေးအတွက် အောက်တိုဘာလ ဒုတိယပတ်က စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ ၃၉၂၀၁ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါတယ်။ ဒေသခံတောင်သူတွေ အများဆုံးစိုက်ပျိုးတဲ့ ကုလားပဲသီးနှံတွေကတော့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)က ထုတ်လုပ်ဖြန့်ဖြူးတဲ့ မျိုးကောင်းမျိုးသန့်  ရေဆင်း-၆ နဲ့ ရေဆင်း-၁၂ ကုလားပဲမျိုးများကို စိုက်ပျိုးကြပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်မိုးမိုးဝေ က ပြောသည်။ 

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေပေါကြွယ်ဝသဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး နှစ်စဉ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန် ကုလားပဲ၊ ထောပတ်ပဲ၊ ပဲကြီး၊ ပဲယင်း၊ ပဲလွမ်း၊ စားတော်ပဲ၊ ပဲနောက်၊ မတ်ပဲ စသည့် ပဲမျိုးစုံသီးနှံများကို အားထားစိုက်ပျိုးကြောင်းနှင့် ယခုနှစ်တွင် ဆောင်းသီးနှံကုလားပဲစိုက်ပျိုးမှုအနေဖြင့် လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။  

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)