မင်းလှ ဇန်နဝါရီ ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ၊ မြန်မာစာလုံးပေါင်းသတ်ပုံပြိုင်ပွဲနှင့် အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်စန္ဒာအောင်က လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ နံရံကပ်စာစောင်၊ မြန်မာစာလုံးပေါင်းသတ်ပုံပြိုင်ပွဲနှင့် စာအုပ်ပြပွဲများ ပြသရခြင်းအကြောင်းကို ကျောင်းသား ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ မြန်မာစာလုံးပေါင်း သတ်ပုံပြိုင်ပွဲကျင်းပခဲ့ရာ အ.မ.ကကံဦးကျောင်းမှ ကျောင်းသား/သူများဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ၍ ဆုရရှိသူများကို ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။
ထို့နောက် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်နံရံကပ်နှင့်စာအုပ်စာစောင်များ ခင်းကျင်းပြသထားရာ စာပေချစ်မြတ်နိုးသူ ကျောင်းသား၊ ကျောင်းသူများ၊ ကလေးငယ်များ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)