သဲကုန်း​မြို့နယ်၌ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေး ဆွေးနွေးပွဲ သင်တန်းဖွင့်လှစ်

သဲကုန်း ဇန်နဝါရီ ၁

ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တောင်သူများ မျိုးကောင်းမျိုးသန့်စိုက်ပျိုးပြီး သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များ လိုက်နာကျင့်သုံးကြစေရေး၊ ဆည်ရေကိုအကျိုးရှိစွာသုံးစွဲနိုင်ရေးနှင့်စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်းကို ယမန်နေ့က သဲကုန်းမြို့နယ်၊ ကွေ့တက်အုပ်စု၊ ကိုယ်ကြီးမြှပ်ကျေးရွာ၊ မူလွန်ကျောင်းတွင် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍  အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်​ထွေးက သဲကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေးတိုးတက်စေရေး၊ လူတစ်ဦးချင်းစီဝင်ငွေတိုးတက်ရေးအတွက် မြေနေရာလပ်မချန်ဘဲ စိုက်ပျိုးရန်အားပေးပါကြောင်း၊ စိုက်ပျိုးရေးအတွက် လိုအပ်သည့်နည်းပညာများကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် နွေစပါးစိုက်ပျိုးနိုင်ရေး လိုအပ်ချက်များကို တင်ပြဆွေးနွေးပေးကြပါရန် ပြောကြားခဲ့သည်။

ဆက်လက်၍ သဲကုန်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး စပါးမျိုးကောင်း၊ မျိုးသန့် စိုက်ပျိုးထုတ်လုပ်ခြင်း၊ စပါးမျိုးမှန်အပင်သန် ဆားရည်စိမ်၍စိုက်ပျိုးခြင်း၊ ဆောင်းသီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် ကြိုတင်သတိထားရမည့်အချက်များ၊ မြေဩဇာစနစ်တကျသုံးစွဲခြင်းနှင့် သဘာဝမြေဩဇာသုံးစွဲခြင်း၏ အကျိုးကျေးဇူးများနှင့် ပြုလုပ်သုံးစွဲနည်းများ၊  ပိုးသတ်ဆေးစနစ်တကျအန္တရာယ်ကင်းစွာသုံးစွဲနည်းများ၊ နွေစပါးစိုက်ပျိုးရာတွင် ပန်းတိုင်အတွက်နှုန်းရရှိရေးအတွက် သက်တမ်းတိုစပါးမျိုးများပြောင်းလဲစိုက်ပျိုးရန်စသည့် စိုက်ပျိုးရေးနည်းပညာဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးသီနှံများစတင်စိုက်ပျိုးရန် မြေပြင်ခြင်းလုပ်ငန်းများမှစ၍ သီးနှံများအောင်မြင်သည်အထိ ရေများပေးဝေနိုင်ရေး ရေပေးဝေရေးမြောင်းများအား အလှည့်ကျစနစ်ဖြင့် ရေများပေးဝေသွားမည်ဖြစ်ကြောင်းနှင့် ရေများလေလွင့်ဆုံးရှုံးမှုနည်းပါးစေရေး မြောင်းများအလိုက် ရေပေဝေရေးအဖွဲ့များဖြင့် စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စိုက်ပျိုးရေးဆိုင်ရာနည်းပညာပေးသင်တန်းသို့ ​ကွေ့တက်အုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံတောင်သူ(၉၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ကိုကျော် (ပြန်/ဆက်)