နတ်မောက် အောက်တိုဘာ ၂၇
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံမှူး၊ ဒုမဲရုံမှူးများအတွက် ရွေး ကောက်ပွဲဆိုင်ရာသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် (၉)နာရီအချိန်ခန့်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါသင်တန်းတွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နတ်မောက်မြို့နယ် မဲရုံမှူး၊ ဒုမဲရုံမှူးတာဝန်ထမ်းဆောင်ကြမည့် သင်တန်းသား/ သင်တန်းသူ စုစုပေါင်း ( ၅၆၂)ဦးရှိပြီး ယနေ့တွင် သင်တန်း သား/သင်တန်းသူ (၂၇၈ )ဦးတို့အား ရွေးကောက်ပွဲနှင့် မဲရုံဆိုင်ရာကိစ္စရပ်များ ၊ ရွေးကောက်ပွဲနေ့ ပြင်ဆင်ခြင်း၊ ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံပိတ်ခြင်းနှင့် မဲရေတွက်ခြင်း၊ ရွေးကောက်ပွဲလုံခြုံရေး ၊ မဲရုံ သုံးပုံစံများရွေးသွင်းခြင်းနှင့် ရွေးကောက်ပွဲ တာဝန်ရှိသူများ စစ်ဆေးရန်အတွက် အချက်အလက်ဆိုင်ရာ များကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များက အခန်း (၄)ခန်းခွဲ၍ သင်တန်း ပို့ချနေကြောင်း သိရသည်။ နတ်မောက်မြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးများကို အောက်တိုဘာ ၂၆ ရက်နေ့မှ ၂၇ရက်နေ့အထိ တစ်ရက်လျှင် (၂)ကြိမ်ခွဲ၍ သင်တန်းပို့ချခဲ့ကြောင်း သိရသည်။
လှဝင်း (နတ်မောက်)