နတ်မောက်မြို့နယ် ချောင်းနက်ကျေးရွာတွင် ဆီထွက်သီးနှံနေကြာများ အောင်မြင်ဖြစ်ထွန်း

နတ်မောက် ဇန်နဝါရီ ၁

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ချောင်းနက်ကျေးရွာရှိ တောင်သူများသည် ဆီထွက်သီးနှံနေကြာများကို အလေးထားစိုက်ပျိုးလာကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း  စိုက်ပျိုးသူ ဦးထွန်းထွန်းထံက သိရသည်။

နတ်မောက်မြို့နယ်၌ ဆီထွက်သီးနှံအနေဖြင့် နှမ်းသီးနှံပြီးလျှင် မြေပဲသီးနှံနှင့် နေကြာသီးနှံတို့ကို အများဆုံးစိုက်ပျိုးကြကာ ဆီထွက်သီးနှံအနက် နေကြာသည် သီးထပ်သီးညှပ်ပုံစံအမျိုးမျိုးဖြင့်  ရာသီမရွေးမျိုးစေ့ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူစိုက်ပျိုးနိုင်သော သီးနှံဖြစ်၍ မိုးရာသီတွင် မေလနှင့် ဇွန်လများတွင်လည်းကောင်း၊ ဆောင်းရာသီတွင် စက်တင်ဘာနှင့် အောက်တိုဘာလများတွင်လည်းကောင်း စိုက်ပျိုးကြသည်။ သက်တမ်းအားဖြင့် လေးလခန့်ကြာမြင့်ပြီး ဆောင်းနေကြာ စိုက်ပျိုးရာတွင်  တစ်ဧကကို လေပြည်နှုန်း စိုက်ပျိုးရကာ အထွက်နှုန်းအားဖြင့် တင်း ၃၀ ခန့်ထွက်ရှိကြောင်း နေကြာတစ်တင်းကို ဆီလေးပိဿာနှုန်းထွက်ရှိကြောင်း ဆောင်းနေကြာစိုက်ပျိုးသူ တောင်သူ ဦးဝင်းမြင့်ထံမှ သိရသည်။

နတ်မောက်မြို့နယ်အတွင်း၌ ဆီထွက်သီးနှံနေကြာမျိုးများဖြစ်သည့် ဆင်းရွှေကြာနှင့် ရေဆင်း(၁)ဆပ်မျိုး နေကြာများကို စိုက်ပျိုးကြပြီး ယခုနှစ်တွင် ဆီထွက်သီးနှံနေကြာစိုက်ဧက (၁၀၀၇၁)ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။

မူမူစန်း