မုံရွာ ဇန်နဝါရီ ၁
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ ယူကလစ်လမ်း၊ ဖွားဖက်တော်လမ်းနှင့် အမှတ်(၁၀)လမ်း နိုင်လွန်ကတ္တရာလမ်းဖွင့်ပွဲအခမ်း အနားကို ဒီဇင်ဘာလ ၃၁ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါရပ်ကွက်ရှိလမ်းမုဒ်ဦးရှေ့တွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများတက် ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မုံရွာမြို့သည် စီးပွားရေးဖွံ့ဖြိုး တိုးတက်ပြီး ကုန်းလမ်း၊ ရေလမ်း၊ မီးရထားလမ်း၊ လေကြောင်းလမ်းများဖြင့် ပြည့်စုံသည့် မြို့တစ်မြို့ဖြစ်ပါကြောင်း၊ မြို့၏ဖွံ့ဖြိုးတိုးတက်မှုနှင့်အညီ မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် မြို့၏အဓိကလိုအပ်ချက် (Infrastructure)များကိုလည်း မျက်ခြေမပြတ် စောင့်ကြည့် ဖြည့်ဆည်းပေးလျှက်ရှိပါကြောင်း၊ မုံရွာမြို့တွင်းလမ်းများအားလုံး ခေတ်မီနိုင်လွန် ကတ္တရာလမ်း များဖြစ်ပေါ်စေရေးအတွက် နိုင်လွန်ကတ္တရာကျိုချက်စက်ရုံနှင့် ဆက်စပ်ယန္တရားအပြည့်အစုံကို စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး ယခုဆိုလျှင်တစ်မြို့လုံးအနေဖြင့် နိုင်လွန်ကတ္တရာလမ်းပေါင်း (၈၈) လမ်း အရှည်မိုင်(၄၀ မိုင် ၂.၀ ဖာလုံ) ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊
မုံရွာမြို့တစ်မြို့လုံး နိုင်လွန်ကတ္တရာလမ်းများ ဖြစ်စေရေးအတွက် တိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့အား စီမံများချက်ရေးဆွဲ ဆောင်ရွက်စေလျှက်ရှိပြီး မြို့အတွက်လိုအပ်သည့် ဈေးသစ်များ၊ အပန်းဖြေနားနေရန်နေရာများ၊ သာယာလှပရေးလုပ်ငန်းများကိုလည်း အသစ်ဖန် တီးဖော်ဆောင်ပေး၍ ပြည်သူများ၏ လိုအပ်ချက်အား တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းက မြို့သစ်ရပ်ကွက်ရှိ ယူကလစ်လမ်း၊ ဖွားဖက်တော်လမ်းနှင့် အမှတ်(၁၀)လမ်းနိုင် လွန်ကတ္တရာလမ်းများ ခမ်းကျင်းခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးသယံဇာတ ရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် မုံရွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌတို့က ယူကလစ်လမ်း၊ ဖွားဖက်တော်လမ်းနှင့် အမှတ်(၁၀)လမ်း နိုင်လွန်ကတ္တရာလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး တရားသူကြီးချုပ်တို့က ဘင်ခရာ/ပန်းပွားအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး အဆိုပါလမ်းသစ်မုဒ်ဦးရှေ့ တွင် တာဝန်ရှိသူများအတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ နိုင်လွန်ကတ္တရာလမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနုတ်ဆက်ခဲ့ကြသည်။
အဆိုပါ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုံရွာမြို့ မြို့သစ်ရပ်ကွက်ရှိ ယူကလစ်လမ်းသည် အရှည် - ၂၂၀၀ ပေ၊ အကျယ်- ၁၈ ပေ၊ ၃လက်မခွဲထု၊ ဖွားဖက်တော် လမ်းသည် အရှည် - ၁၀၀၀ ပေ၊ အကျယ် - ၁၈ ပေ၊ ၃လက်မခွဲထုနှင့် အမှတ် (၁၀)လမ်းသည် အရှည် - ၈၁၀ ပေ၊ အကျယ် - ၁၆ ပေ၊ ၃လက်မခွဲထုဖြစ်ပြီး မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ပြန်/ဆက်။