ဖောင်းပြင်မြို့၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ဖောင်းပြင် ဇန်နဝါရီ  ၁

၂၀၂၄ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့်  စာစီစာကုံးပြိုင်ပွဲကို  ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ပြိုင်ပွဲကို "ထိန်းသိမ်းကြစို့ လွတ်လပ်ရေးအမွေ" ခေါင်းစဉ်ဖြင့် ကျင်းပဖြေဆိုစေပြီး ထူးချွန်သည့် ကျောင်းသား/သူများအား ပထမ၊ ဒုတိယ၊ တတိယဆုများ ချီးမြှင့်ပေးသည်။ အဆိုပါပြိုင်၌ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား/သူ ၂၃ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်းသိရသည်။

ပြိုင်ပွဲနှင့်ပတ်သက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်စံပယ်ဦးက "လွတ်လပ်ရေးနေ့ဘာကြောင့်ဖြစ်ပေါ်လာရတယ်၊ လွတ်လပ်ရေးရအောင်ဘယ်သူတွေကြိုးပမ်းခဲ့ကြတယ်၊ ဘယ်လိုကြိုးပမ်းခဲ့ရတယ်၊ ဘယ်လိုထိန်းသိမ်းစောင့်ရှောက်သင့် တယ်ဆိုတာတွေကို လူငယ်တွေသိရှိလာကြစေရန်နဲ့ လူငယ်လေးတွေအနေနဲ့လည်း သူတို့ဘဝတိုးတက်မြင့်မားရေးမှာအရေးပါတဲ့ ဉာဏစွမ်းရည်တွေမြင့်မားလာစေဖို့ ယခုလိုပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ပါတယ်" ဟု ပြိုင်ပွဲနှင့်ပတ်သက်၍ရည်ရွယ်ချက်များကို ပြောကြားသည်။

ကိုထွန်း(ဖောင်းပြင်)