ရေနံချောင်း ဒီဇင်ဘာ ၃၁
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရေနံချောင်းတက္ကသိုလ် သုံးထပ်စာသင်ဆောင်သစ် (သစ္စာဆောင်)ဖွင့်ပွဲအခမ်းအနားနှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ကျပန်း စကားပြော(မြန်မာ၊ အင်္ဂလိပ်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ဒီဇင်ဘာ ၂၉ ရက်နေ့မွန်းလွဲ ၃ နာရီခွဲအချိန်က တက်ရောက်ခဲ့ကြောင်းသိရသည်။
ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ တိုင်းဥပဒေချုပ် ဦးတင့်ဝေ၊ ရေနံချောင်း တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်၊ ချောက်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဌေးကျော်နှင့် ရေနံချောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးတို့က(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရေနံချောင်းတက္ကသိုလ် (သစ္စာ)သုံးထပ်စာသင်ဆောင်သစ်ကို ဖဲ့ကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အဆောက်အဦးနှင့် စာသင်ခန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေး သည်။
အဆိုပါ သစ္စာသုံးထပ်စာသင်ဆောင်သစ်ကို ကျောင်းသားကျောင်းသူများ နေရာကျပ်တည်းမှု မရှိစေရေး၊ တည်ငြိမ်အေးချမ်းစွာနှင့် စိတ်ကြည်နူးပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ၂၀၂၁-၂၀၂၂ ခြောက်လဘဏ္ဍာရေးနှစ်တွင် ၂၈၁ ဒသမ ၈၄၆ ကျပ်သန်းနှင့် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် တွင် ၆၄၇ ဒသမ ၇၈၂ ကျပ်သန်း စုစုပေါင်း နိုင်ငံတော်ခွင့်ပြုငွေကျပ်သန်းပေါင်း ၈၆၆ ဒသမ ၆၂၈ သန်းဖြင့် ကျောင်းသား၊ကျောင်းသူ ၉၆၀ ဦးခန့် ဝင်ဆံနိုင်မည့် အလျား ၂၁၆ ပေ၊ အနံ ၃၈ ပေ RC သုံးထပ်စာသင်ဆောင်သစ်ကို တည်ဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေနံချောင်းတက္ကသိုလ် ပတ္တမြားခန်းမတွင် ကျင်းပသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံ၊ ကဗျာ၊ ကျပန်းစကားပြော (မြန်မာ၊အင်္ဂလိပ်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားပြီး ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်က ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် ရေနံချောင်းတက္ကသိုလ်တွင် ကျင်းပသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြော(မြန်မာ၊အင်္ဂလိပ်)ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုများ ရရှိခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ရေနံချောင်းတက္ကသိုလ်ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)