မင်းဘူး ဒီဇင်ဘာ ၃၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ကျေးလက်လမ်းဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေများဖြင့် လမ်းရှစ်လမ်းနှင့် ကွန်ကရစ်တံတား၊ ရေကျော်/ရေပြွန် ၁၁ စင်းတို့ကို ခွင့်ပြုငွေ ကျပ်သန်းပေါင်း ၁၈၃၁ သန်းကျော်ဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မင်းဘူးခရိုင်ကျေးလက်လမ်းဦးစီးဌာနမှ သိရသည်။
အဆိုပါလုပ်ငန်းများအနက် ငဖဲမြို့နယ်ကျေးလက်လမ်းဦးစီးဌာနက ပဒါန်း-ငဖဲ-စေတုတ္တရာ-အောင်ပင်လယ်ကျေးရွာသို့ ဆက်သွယ်သော အောင်ပင်လယ်ကျေးရွာအဝင် လမ်းအရှည် ၇ ဒသမ ၈၇ မိုင်၊ ယာဉ်သွားလမ်း ၁၂ ပေ၊ လမ်းပုခုံး နှစ်ဖက် ၆ ပေရှိ ကတ္တရာလမ်းသစ်အား တိုင်းဒေသကြီး အစိုးရအဖွဲ့ (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေ ၂၄၃ ဒသမ ၂၀ ကျပ်သန်းဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ လုပ်ငန်းများအားလုံး (၁၀၀%) ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီး၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့က မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင့်နှင့် တာဝန်ရှိသူများက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း မင်းဘူးခရိုင်ကျေးလက်လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်သူက ပြောသည်။
ထို့အတူ ငဖဲမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဘက်စုံဖွံ့ဖြိုးတိုး တက်စေရန်၊ စိုက်ပျိုးရေးကိုအခြေခံ၍ ကုန်ထုတ်လုပ်ငန်းများကို သယ်ယူပို့ဆောင်စရိတ် သက်သာ စွာဖြင့် ဈေးကွက်သို့ အမြန်ဆုံးရောက်ရှိ တင်ပို့ရောင်းချနိုင်စေရန်နှင့် ကျေးလက်လမ်း၊ တံတားများ ဖွံ့ဖြိုးတိုက်တက် ကောင်းမွန်စေရန်အတွက် ငဖဲမြို့နယ်ကျေးလက်လမ်းဦးစီးဌာနက အနီးကပ်ကြီး ကြပ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေများဖြင့် ကတ္တရာလမ်း ၄ လမ်း (၄ မိုင် ၄ ဒသမ ၄၃၇ ဖာလုံ)၊ ဂဝံမြေနီလမ်း ၄ လမ်း (၇ မိုင် ၅ ဒသမ ၅ ဖာလုံ)၊ ကွန်ကရစ်တံတား ၂ စင်း (၇၅ ပေ)နှင့် ရေကျော်/ရေပြွန် ၉ စင်း (၄၂၂)ပေ စုစုပေါင်းလုပ်ငန်း ၁၉ ခုကို ခွင့်ပြုငွေ ကျပ်သန်းပေါင်း ၁၈၃၁ ဒသမ ၆၅၆ ကျပ်သန်းဖြင့် ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း ဦးကျော်သူက ရှင်းပြသည်။
အဆိုပါ လုပ်ငန်းများအားလုံး ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ငဖဲမြို့နယ်အတွင်းမှ ကျေးရွာပေါင်း ၄၆ ရွာမှ ကျေးလက်နေအိမ်ထောင်စုပေါင်း (၇၆၀၀)နှင့် လူဦးရေးပေါင်း (၃၄၄၉၅)ဦး ခန့်၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများနှင့် လယ်ယာထုတ်ကုန်များကို သွားလာရေး လွယ်ကူချောမွေ့အဆင်ပြေစွာဖြင့် ဈေးကွက်သို့ အချိန်မီ တင်ပို့ရောင်းချနိုင်မည့်အပြင် ဒေသခံပြည်သူများအတွက် များစွာအထောက်အကူပြု၍ အကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်ကြောင်း သိရသည်။
မောင်မောင် (မင်းဘူး)