ပခုက္ကူမြို့၌ ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်းနှင့် လက်ရက်ကန်း ခြောက်လသင်တန်းဆင်းပွဲကျင်းပ

ပခုက္ကူ  ဒီဇင်ဘာ ၃၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ ၂၀၂၃ပညာသင်နှစ်၊ ချည်မျှင်နှင့်အထည်အလိပ် ကျွမ်းကျင်သူတစ်နှစ်သင်တန်းနှင့် လက်ရက်ကန်းခြောက်လ(ဒုတိယအကြိမ်)သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။

သင်တန်းဆင်းပွဲတွင် ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာယုက “ရက်ကန်းပညာရပ်များတိမ်ကောပပျောက်မှုမရှိစေရေးအတွက် ရက်ကန်းလုပ်ငန်းဆိုင်ရာနည်းပညာများနှင့် အတတ်ပညာများ ပိုမိုထွန်းကားကျယ်ပြန့်စေရေး၊ ရက်ကန်းပညာရှင်များတိုးပွားလာစေရေးတို့အတွက် နှစ်စဉ်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ရက်ကန်းပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ရေး၊ မိသားစုဝင်ငွေတိုးပွား လာစေရေးတို့အတွက် မိမိလေ့လာသင်ယူထားသည့်အတတ်ပညာများကို စနစ်တကျ ပြန်လည်အသုံးချတတ်ကြရန်လိုအပ်ကြောင်း” ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျောင်းအုပ်ဆရာမကြီးနှင့်တာဝန်ရှိသူများက ရက်ကန်းပညာရပ်ဖြင့် အမှန်တကယ် လုပ်ငန်းထူထောင်လုပ်ကိုင်မည့် သင်တန်းသား၊ သင်တန်းသူများအား လက်ရက်ကန်းစင်များနှင့် ၂၀၂၃ပညာသင်နှစ်၊ သင်ကြားပြသမှုအကောင်းဆုံးနည်းပြဆုတို့အား အသီးသီးပေးအပ်ချီးမြှင့်ကြရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင် စကားပြန်လည် ပြောကြားသည်။

ဆက်လက်၍ တာဝန်ရှိသူများက သင်တန်းကာလအတွင်း ရက်လုပ်ထားသည့် တိုင်းရင်းသား ရိုးရာအထည်များ၊ ချည်ထည်ပိုထည်များ၊ စက်ရက်ကန်းနှင့် လက်ရက်ကန်းစင်တို့အား လိုက်လံကြည့်ရှုကြသည်။

ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်းကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိသင်တန်းသား၊ သင်တန်း၂၀ဦးဖြင့်လည်းကောင်း၊ လက်ရက်ကန်း ခြောက်လသင်တန်းကို ၂၀၂၃ခုနှစ်၊ဇူလိုင်လ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ သင်တန်းသူ ၁၀ ဦးဖြင့်လည်းကောင်း အသီးသီးဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)