(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်  အမျိုးသား(၃)ယောက်တွဲ ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ရပ်ကွက်/ကျေးရွာပေါင်းစုံဖိတ်ခေါ် အမျိုးသား(၄)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲကျင်းပ

ဘုတ်ပြင်း  ဒီဇင်ဘာ ၃၁ 

တနင်္သာရီတိုင်းဒေသကြီးဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့ ကျရောက်မည့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား (၃)ယောက်တွဲ ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ရပ်ကွက်/ကျေးရွာပေါင်းစုံဖိတ်ခေါ် အမျိုးသား(၄)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ညနေက မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်ဝင်းဌေးက
  အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် စစ်ကြောင်းမှူးကဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက တန်းအပ်ခြင်း၊ အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဋ္ဌာန်ကို စုပေါင်းရွတ်ဆိုကြပြီး  ပြိုင်ပွဲဝင်အသင်းများက ပြိုင်ပွဲကိုယှဉ်ပြိုင်ကစားခဲ့ကြသည်။
ထို့နောက် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အမျိုးသား(၄)ယောက်တွဲပြိုင်ပွဲတွင် တောင်ဒဂုံအသင်းနှင့် ခဲမိုင်းကျေးရွာအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုနှင့် အမျိုးသား(၃)ယောက်တွဲပြိုင်ပွဲတွင် ထွေ/အုပ်(ခ)အသင်းနှင့် စိုက်ပျိုးရေးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာများမှ အားကစားဝါသနာရှင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများက ကြည့်ရှုအားပေးခဲ့ကြသည်။
ပြိုင်ပွဲကို ရပ်ကွက်/ကျေးရွာပေါင်းစုံ ဖိတ်ခေါ် အမျိုးသား(၄)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်း(၁၂) သင်း နှင့် အမျိုးသား(၃)ယောက်တွဲ ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း(၈)သင်း ပါဝင်ယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲများအလိုက် ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

သန်းထွန်းဦး