ပခုက္ကူ ဒီဇင်ဘာ ၃၁
ပညာရေးဝန်ကြီးဌာန၊ အဆင်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်၊ ကျွန်းရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး သမိုင်းဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာခင်ဖြူဖြူသန်းက “ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပြည်ထောင်စုကြီးထာဝရရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းကြိုးပမ်းလှုပ်ရှားဆောင်ရွက်ခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ပုဂ္ဂိုလ်ကြီးများအား အစဉ်အမြဲအောက်မေ့သတိရပြီး တန်ဖိုးထားလေးစားမြတ်နိုးတတ်စေရန်၊ ပြည်ထောင်စုကြီးအတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုတိုင်း၏ စာပေ၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများကို တန်ဖိုးထားထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်စေရန်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ထာဝရစဉ်ရှင်သန်ထက်မြက်စေရန်ရည်ရွယ်၍ ဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း” ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ (၇၆)နှစ်မြောက်လွတ်လပ်ရေးအထိမ်းအမှတ် အကြိုဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပရာ ပခုက္ကူတက္ကသိုလ်၊ ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ဌာနအသီးသီးမှ ကျောင်းသား၊ ကျောင်းသူ (၄၀)ဦးကျော် ပါဝင်ယှဉ်ပြိုင်ကြပြီး ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်နှင့်တာဝန်ရှိသူများက ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြကြောင်းသိရသည်။
ဘာမီသာ(ပခုက္ကူ)