(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ဓာတ်ပုံ၊ နံရံကပ် စာစောင်၊ စာအုပ်ပြပွဲများကျင်းပ

ကန့်ဘလူ ဇန်နဝါရီ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ ဓာတ်ပုံ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲများကို ဒီဇင်ဘာ ၂၉ ရက်နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်းသိရသည်။

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က  ကျောင်းသားလူငယ်များအား နှစ်စဥ်လွတ်လပ်ရေးနေ့ကျင်းပရခြင်း ရည်ရွယ်ချက်များ၊ လွတ်လပ်ရေး၏ အနှစ်သာရကို သိရှိပြီး တန်ဖိုးထားတတ်စေရန်၊ လွတ်လပ်ရေးကိုရရှိဖို့အတွက် အသက်၊ သွေး၊ ချွေးတွေရင်းနှီးပြီး အရယူခဲ့ကြသည့် ဖြစ်စဥ် တွေကို တန်ဖိုးထားတတ်စေရန်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်နှင့် လွတ်လပ်ရေးသဘော၊ သမိုင်းခေတ်အ ဆက်ဆက်နိုင်ငံတော်များ၊ အင်္ဂလိပ်တို့ကျူးကျော်နယ်ချဲ့မှုများ၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် လွတ်လပ်ရေးအဓွန့်ရှည်ခိုင်မြဲရန် ကာကွယ်ရမည့် တာဝန်များကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ကျောင်းသားကျောင်းသူများက လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဓာတ်ပုံ၊ နံရံကပ်စာစောင်နှင့် သုတရသစာအုပ်စာစောင်များကို စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)