ယခုနှစ် ရွှေစက်တော် ဘုရားပွဲတော်ရာသီက အလွန်ထူးခြားသည့် ခရီးစဉ်ဒေသစ်တစ်ခု ဖြစ်လာနိုင်

မင်းဘူး  ဒီဇင်ဘာ  ၃၁

လူတို့သည် စားဝတ်နေရေးအတွက် မြို့ပြနှင့် တောရွာများပါမကျန် နေ့စဉ်နှင့်အမျှ ကျင်လည်ကျက်စား လုပ်ကိုင်နေကြရသည့်အတွက် လူနေထိုင်မှုနှင့် စိတ်ဓာတ်ရေးရာများ မွန်းကြပ်လာကာ ထိုမွန်းကြပ်မှုမှ ခဏတာပြေပျောက်စေရန် စိတ်ပျော်ရွှင်မှု ရသများကို ပေးစွမ်းနိုင်တဲ့ ခရီးထွက်ခြင်း၊ အပန်းဖြေခြင်း၊ သဘာဝရှုခင်း အလှအပများကို ကြည့်ရှုခံစားခြင်းဖြင့် စိတ်ထွက်ပေါက်များ ရှာလေ့ရှိကြသည်။

ထို့ကြောင့် မြန်မာပြည်၏ ရာသီဥတုနှင့် ကိုက်ညီသည့် နိုဝင်ဘာလမှ မေလအတွင်း တန်ခိုးကြီးဘုရားများ၊ လေ့လာလည်ပတ်စရာ အထင် ကရနေရာများနှင့် စိတ်ခံစားမှု ရသများကိုပေးစွမ်းနိုင်သော တောတောင် ရေမြေ ရေတံခွန်စိမ့်စမ်းများရှိသည့် ပြည်နယ်နှင့် မြို့ရွာများသို့ အပန်းဖြေ လေ့လာရေးခရီးများ ထွက်လေ့ရှိကြသည်။

ယခုအခါ မင်းဘူးမြို့သည် လေ့လာလည်ပတ်စရာ အထင်ကရနေရာများစွာ ရှိသည့်အပြင် ပြန်လည်ဆန်းသစ်မှုများဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ပြုလုပ်လျက်ရှိရာ ခရီးသွားပြည်သူများအဖို့ မျက်စိပသာဒဖြစ်စေမည့် အသွင်ဆန်းအမြင်ဆန်းများဖြင့် ပြုပြင်မွန်းမံလျက်ရှိရာ လာရောက် လေ့လာလည်ပတ်ပြီး အပန်းဖြေသူများအဖို့ စိတ်ကြည်နူးမှုများ ရရှိကြမှာဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ မင်းဘူးမြို့နယ်မှာ လေ့လာလည်ပတ်စရာ အထင်ကရနေရာများစွာရှိပြီး ၎င်းတို့အထဲမှ သမိုင်းဝင် ရွှေစက်တော်ဘုရားကြီးအား အဓိကထား၍ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ စက်တော်ရာဘုရား ဘုံခုနှစ်ဆင့်ကို ရှေးမူလက်ရာအတိုင်း ပြုပြင်ပြီး၊ ရွှေချခြင်း၊ အထက်စက်တော်ရာ လှေကားပြုပြင်ခြင်း၊ အောက်စက်တော်ရာ နဂါးရေအိုင်နှင့် မျက်နှာကျက်များ ပြုပြင်၍ ပုဂံဒေသမှ ယွန်း အတတ်ပညာရှင်များဖြင့် ရှေးမူလက်ရာအတိုင်း ပြန်လည်ပြုပြင်ထုဆစ်ခြင်း၊ (၃) မိုင် အဝင်လမ်းဆုံတွင် Flower Box များဖြင့် ပန်းအလှများ စိုက်ပျိုးခြင်း၊ ဘုရားဖူးပြည်သူများ အဆင်ပြေပြေ သွားလာနိုင်ရန် Box Culvert တံတားနှစ်စင်း တည်ဆောက်ခြင်းများအပြင် အရှည်ပေ ၁၀၀ ရှိ သံဘေလီတံတား တစ်စင်းအား ဇန်နဝါရီလတွင်အပြီး တည်ဆောက်သွားမှာဖြစ်သလို ရှင်ပင်စက္ကိန်းတဲ ဘုရားကြီးတွင်လည်း လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပြီး ဘုရားပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်သည့်အတွက် ယခုနှစ် ရွှေစက်တော် ဘုရားပွဲတော်ရာသီက အလွန်ထူးခြားသည့် ခရီးစဉ်ဒေသသစ်တစ်ခု ဖြစ်လာမှာပါ “ ဟု ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက ပြောသည်။

ထို့အပြင် ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းတွင်လည်း  ဆင်လိမ္မာလေးများရဲ့ ကပြဖျော်ဖြေမှုများနှင့်အတူ အခြား တမူထူခြားတဲ့အစီအစဉ်များနဲ့ တင်ဆက်သွားမှာဖြစ်သလို ပွဲကြည့်စင်အသစ်ကိုလည်း အသစ်တည်ဆောက်လျက်ရှိကာ ခရီးသည်များ လာရောက် အပန်းဖြေလေ့လာနိုင်ရန် ဆင်ပြတိုက်ကို ဆောက်လုပ်ပြီးပြသနိုင်ဖို့ အဆင့်မြှင့်တင်လုပ်ငန်းများဖြင့် ဆောင်ရွက်နေကြောင်း ဆင်စခန်းတာဝန်ခံများ ထံမှ သိရသည်။

ဇေယျာထက်(မင်းဘူး)