ဒီဇင်ဘာလူထုအားကစားလ ပဉ္စမပတ်စုပေါင်းလမ်းလျှောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ပါဝင်ဆင်နွှဲ

ပုသိမ်     ဒီဇင်ဘာ       ၃၁

တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီဇင်ဘာလအား လူထုလှုပ်ရှား အားကစားလအဖြစ် သတ်မှတ်၍ နှစ်စဉ်နှစ်တိုင်း  စုပေါင်းလမ်းလျှောက်ပွဲကို ပြုလုပ်လျှက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌လည်း စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရွှေရုပ်တုအဝိုင်းရှေ့၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ် လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများပါဝင်ဆင်နွှဲခဲ့ကြသည်။

စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းဒေသကြီးဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်၍ ဖွင့်လှစ်ပေးပြီးနောက် ရွှေရုပ်တုအဝိုင်းရှေ့မှစတင်၍ မဟာဗန္ဓုလလမ်းမကြီး အတိုင်းတပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ကိုးသိန်းအားကစားကွင်းတွင် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်း များ၊ Physical  Fitness dance များအား အတူတကွ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။  ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဒီဇင်ဘာလပဥ္စမပတ် စုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်း(၃၇၀၀)​ကျော် တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြကြောင်းသိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများသည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင်ပြုလုပ်သည့် ဒီဇင်ဘာလူထု အားကစားလ ဌာနပေါင်းစုံ ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲစဉ်အဖြစ် ဧရာဝတီတိုင်း​ဒေသကြီးအ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနအသင်းနှင့်လုံခြုံရေးနှင့်နယ်စပ်​ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်း​ဒေသကြီးအ​ထွေ​ထွေအုပ်ချုပ်​ရေး ဦးစီးဌာန အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကို လုံခြုံ​ရေးနှင့်နယ်စပ်​ရေးရာ ဝန်ကြီးကလည်းကောင်း၊ ပထမဆုရရှိသည့် လုံခြုံရေးနှင့်နယ်စပ်​ရေးရာဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း ဆုများချီးမြှင့်ခဲ့ကြပြီး အမှတ်တရဓါတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)