ပြည်မြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကြိုဆိုဂုဏ်ပြု မီနီမာရသွန်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ပြည် ဒီဇင်ဘာ ၃၁

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့၌ ယနေ့နံနက်ပိုင်းက (အမျိုးသား/အမျိုးသမီး) မီနီမာရသွန်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပသည်။

မီနီမာရသွန်ပြိုင်ပွဲကျင်းပရာတွင် မြို့လယ်ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်မှ စတင်တာထွက်ကာ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း ခေတ္တရာမြို့သစ် "မင်္ဂလာရွှေပြည်" ခရိုင်အားကစားကွင်း ပန်းဝင်အထိ မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ကျောင်းသူ အားကစားဝါသနာရှင်၂၀၀ကျော် ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။

ယင်းသို့ ပျော်ရွှင်စွာပါဝင်ဆင်နွဲသူများအနက် ပန်းဝင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူ (အမျိုးသား/အမျိုးသမီး) အားကစားဝါသနာရှင်များကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဆန်းဌေးမောင်နှင့် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်တို့က ဆုတံတိပ်များနှင့် ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး ခေတ္တရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က နံနက်စာ ကောင်းညှင်းပေါင်းနှင့် စားစရာများ ဧည့်ခံကျွေးမွေးကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)