၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ပြည်မြို့၌ကျင်းပ

ပြည် ဒီဇင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) တိုင်းဒေသကြီးပညာရေးမှူးရုံး(ရုံးခွဲ)က ကြီးမှူးကျင်းပသော (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပြည်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှေးဦးစွာ တိုင်းဒေသကြီး(ရုံးခွဲ) ပညာရေးမှူးဦးတင်ယုက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဒေါ်စန်းစန်းဝင်းက ပြိုင်ပွဲအမှတ်ပေး စည်းမျဉ်းစည်းကမ်းများကိုရှင်းလင်း‌ပြောကြားသည်။

ပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) မြို့နယ်အသီးသီးရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူ ၁၀ ဦးပါဝင်ယှဉ်ပြိုင်ကြပြီး ၎င်းတို့က "လွတ်လပ်ခြင်း၏အနှစ်သာရ၊ လွတ်လပ်ရေးနှင့်စည်းကမ်း၊ မမေ့အပ်သောမြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုများ၊ ကမ္ဘာတည်သရွေ့ မြန်မာ့လွတ်လပ်ရေး တည်တံခိုင်မြဲစေရမည်၊ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် လူငယ်စွမ်းရည်၊ လွတ်လပ်ရေးအောင်ပွဲဒို့ဆင်နွဲ" ခေါင်းစဥ်များဖြင့် အသီးသီးပါဝင် ပြောဆိုယှဉ်ပြိုင်ကြသည်။

ထိုသို့ ယှဥ်ပြိုင်ကြရာ မသက်နှင်းဇော် (G-11) က ပထမဆုအားလည်းကောင်း၊ မယွန်းနဒီလှိုင်က ဒုတိယဆုအားလည်းကောင်း၊ မခိုင်ဆွေဇင်သွယ်က တတိယဆုအားလည်းကောင်း အသီးသီးရရှိခဲ့ကြပြီး အဆိုပါဆုရရှိသူများကို အမှတ်ပေးဒိုင်အဖွဲ့က  ပထမ၊ ဒုတိယ၊ တတိယနှင့် အခြားဆုရရှိသူများကို လာမည့်ဇန်နဝါရီလအတွင်း  တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ကိုစိုး