မြိတ် ဒီဇင်ဘာ ၃၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ တပ်ပြင်ရပ် စပါးရွှေဝါလမ်းရှိ သီတဂူဇီဝိတဒါန, စက္ခုဒါနဆေးရုံတွင် သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏အဓိပတိ သီတဂူ ဆရာတော်ဦးဆောင်သည့် သီတဂူ နယ်လှည့်မျက်စိအထူးကု ဆရာဝန်ကြီးများအဖွဲ့မှ မြိတ်ခရိုင် အတွင်းရှိ ရဟန်း၊ ရှင်၊ လူပြည်သူများ၏ မျက်စိ ရောဂါဝေဒနာရှင်များအား (၅)ရက်တိုင်တိုင် အခမဲ့စမ်းသပ် ခွဲစိတ်ကုသ အလင်းဒါနပြုပေးခဲ့ကြသည်။
မြိတ်ခရိုင်အတွင်းရှိ မျက်စိရောဂါဝေဒနာရှင်များအား ရေတိမ်စမ်းသပ်စက်၊ ပါဝါစမ်းသပ်စက်၊ မျက်စိအခြားရောဂါ စမ်းသပ်စက်တို့ဖြင့် သီတဂူနယ်လှည့်မျက်စိ အထူးကုဆရာဝန်ကြီးများနှင့်အဖွဲ့မှ အမြင်စမ်းသပ်ခြင်း၊ မျက်တွင်းမှန်တိုင်းခြင်း၊ ရေချိန်တိုင်းခြင်းကို စမ်းသပ်စစ်ဆေးပေးခြင်းကို ဒီဇင်ဘာ(၂၅)ရက်မှ(၂၉)ရက်အထိ ဆောင်ရွက်ပေးခဲ့ရာ ရဟန်း၊ ရှင်၊ လူ ပြည်သူ (၁၅၄၃) ဦးအား စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ပြီး ခွဲစိပ်ရန်လိုအပ်သည့် (၃၁၆)ဦးအား ခွဲစိပ်ကုသ အလင်းဒါနပြုပေးနိုင်ခဲ့သည်။
မျက်စိရောဂါဝေဒနာရှင်များအား စမ်းသပ်ခွဲစိပ် ကုသပေးခြင်းကို ကမ္ဘာ့သာသနာပြု ရွှေကျင်နိ ကာယ သာသနာပိုင်၊ နိုင်ငံတော်ဩဝါဒါ စရိယ၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များနှင့် သီတဂူ ဆေးရုံတော်များ၏အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ၊ သီတဂူ ဆရာတော်ကြီး ဒေါက်တာ အရှင်ဉာဏိဿရ ကြွရောက် ဦးဆောင်၍ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
မြိတ်ခရိုင်အတွင်းရှိ ရဟန်း၊ ရှင်၊ လူ ပြည်သူများ၏ မျက်စိရောဂါ ဝေဒနာရှင်များအား သီတဂူနယ်လှည့်မျက်စိအထူးကု ဆရာဝန်ကြီးများအဖွဲ့မှ စမ်းသပ်ခွဲစိတ်ကုသပေးရာတွင် တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြိတ်မြို့ သီတဂူဇီဝိတဒါန စက္ခုဒါန ဆေးရုံစီမံစောင့်ရှောက်ရေးအဖွဲ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီနှင့် ပရဟိတအသင်းအဖွဲ့များမှ ကူညီဆောင်ရွက်ပေးခဲ့ကြပြီး သီတဂူဇီဝိတဒါန စက္ခုဒါနဆေးရုံ ဆေးရုံခွဲစိတ်ခန်းအတွင်း မျက်စိခွဲစိတ်ကုသပေးသည့်စက်(၃)စုံ၊ ခွဲစိတ်ကုတင်(၄)လုံးတို့ဖြင့် ခွဲစိပ်ရန် လိုအပ်သည့် ဝေဒနာရှင်(၃၁၆)ဦးအား ခွဲစိပ်ကုသအလင်းဒါနပြုပေးခဲ့ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)