ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ပခုက္ကူ ဒီဇင်ဘာ ၃၁

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို  ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်

ရှေးဦးစွာ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန (ပခုက္ကူခရိုင်ရုံး)မှ ဦးဆန်းလင်းက အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်က “(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဦးတည်ချက်များနှင့်ဆောင်ပုဒ်၊ နိုင်ငံ့ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကြောင်းနှင့် လွတ်လပ်ရေး၏အနှစ်သာရများအကြောင်း၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးမျိုးမြင့်အောင်(တွဲဖက်)က လူငယ်ရေးရာ အသိပညာပေးအကြောင်းတို့ကို အသီးသီးရှင်းလင်းဟောပြောကြသည်။

ဆက်လက်၍ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို ကျပန်းစကားပြောပြိုင်ပွဲကျင်းပရာ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ(၂၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခြင်း၊ ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ နံရံကပ် စာစောင်ပြသခြင်းများ ဆောင်ရွက်ကြသည်။

ကျောင်းသား၊ကျောင်းသူများအနေဖြင့် ပြည်ထောင်စုထာဝရ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းကြိုးပမ်း လှုပ်ရှားဆောင်ရွက်ခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ပုဂ္ဂိုလ်ကြီးများအား အစဉ်အမြဲ အောက်မေ့သတိရပြီး တန်ဖိုးထားလေးစားမြတ်နိုးတတ်စေရန်၊ ပြည်ထောင်စုကြီးအတွင်းရှိ တိုင်းရင်းသား မျိုးနွယ်စုတိုင်း၏ စာပေ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာများကို တန်ဖိုးထားထိန်းသိမ်းကာကွယ် စောင့်ရှောက်တတ်စေရန်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ထာဝစဉ်ရှင်သန်ထက်မြက်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲများ ဆက်လက်ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)