ပွင့်ဖြူမြို့နယ်၌ ဧရာမင်းမိုးစပါး စံပြကွက်စိုက်ခင်း စံကွက်ရိတ်သိမ်းပွဲကျင်းပ

ပွင့်ဖြူ ဒီဇင်ဘာ ၃၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဧရာမင်းမိုးစပါး စံပြကွက်စိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာတောင်သူ ဒေါ်မာမာစန်း၏ ကွင်းအမှတ်(၇၉၀)ရှိ မိုးစပါးစံပြကွက်စိုက်ခင်းတွင် ကျင်းပခဲ့သည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားသို့ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှူး ဦးကျော်လွင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ‌ဖိတ်ကြားထားသည့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသခံတောင်သူများနှင့်အတူ ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာ တောင်သူဒေါ်မာမာစန်း၏ ကွင်းအမှတ် (၇၉၀)၊ ဦးပိုင်အမှတ် (၁၂၀) ရှိ ဧရာမင်း မိုးစပါးစံပြကွက်စိုက်ခင်း (၅)ဧကတွင်  စုပေါင်းစံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧက ပျှမ်းမျှ အစိုတင်း ၉၆ ဒသမ ၇ တင်းနှင့် အခြောက်တင်း   ၈၇ တင်းခန့် ထွက်ရှိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအဖွဲ့သည် ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာတွင် ဒေသခံ တောင်သူများ ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် စိုက်ပျိုးရေဖူလုံစေရန်နှင့် သီးနှံစိုက်ပျိုးစွမ်းအား မြှင့်တင်နိုင်ရေးအတွက်  ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆိုလာဓာတ်အားပေးစနစ် တွဲဖက်တပ်ဆင်ခြင်းလုပ်ငန်း (လျှပ်စစ်ရေတင်လုပ်ငန်း) ဆောင်ရွက်ပြီးစီးမှုအခြေအနေအား  သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဆိုလာဓာတ်အားပေးစနစ်အသုံးပြု၍ လျှပ်စစ်ရေတင်လုပ်ငန်း ဆောင်ရွက်ထားရှိမှု အဆင့်ဆင့်နှင့် စိုက်ပျိုးရေအကျိုးပြုနိုင်မည့်အခြေအနေအား ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက  လျှပ်စစ်ရေတင်လုပ်ငန်းနှင့်စပ်လျဉ်းပြီး ရှင်းလင်းတင်ပြမှုအပေါ် ဒေသခံတောင်သူများ စိုက်ပျိုးရေဖူလုံစွာ ရေရှည်ရယူသုံးစွဲနိုင်ရေး စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရန်နှင့် စိုက်ပျိုးရေလေလွင့်ဆုံးရှုံးမှုမဖြစ်စေရေး အလေးထားဆောင်ရွက်သွားရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။  

 လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)