ဘားအံ ဒီဇင်ဘာ ၃၀
၂၀၂၃ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ နောက်ဆုံးပတ်(ပဉ္စမပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းကို ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၅ နာရီခွဲ ခန့်က ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိလမ်း၊ ဝန်ကြီးများအိမ်ရာရှေ့၌ စုရပ်ပြုလုပ်၍ ကျင်းပသည်။
လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများမှ ကျောင်းသား၊ ကျောင်းသူ၊ သင်တန်းသား၊ သင်တန်းသူ၊ ဆရာ၊ ဆရာမများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ ဒေသခံ တိုင်းရင်းသားပြည်သူများ စုစုပေါင်းအင်အား ၂၆၀၀ ဦးခန့် အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် စုပေါင်းလူထုလမ်းလျှောက်ပွဲပါဝင်ဆင်နွှဲသူများသည် စုရပ်ဖြစ်သော ဝန်ကြီး များအိမ်ရာရှေ့မှ သီရိလမ်း၊ ဆေးရုံလမ်း၊ ကျော်ဇေယျလမ်း၊ မာန်းနဲစန်လမ်း၊ အထက(၄)ကျောင်းလမ်းမှတစ်ဆင့် သီရိလမ်းအတိုင်း သီရိကွင်းအတွင်းပြန်လည်ဝင်ရောက် စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး သီရိကွင်းအတွင်း၌ တစ်ဦးနှင့်တစ်ဦး ရှေ့၊ နောက်၊ ဘယ်၊ ညာ (၆)ပေအကွာ အနေအထားဖြင့် အကြောလျော့လေ့ကျင့်ခန်းများဆောင်ရွက်ကာ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းအစီအစဉ် အတွဲအမှတ်(၁)နှင့် အမှတ်(၂) တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း ပါဝင်ဆောင်ရွက်သူများအား ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ပြည်နယ်မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းတို့မှ ကောက်ညှင်းပေါင်း၊ အကြော်စုံတို့ဖြင့် နံနက်စာတည်ခင်းဧည့်ခံခဲ့ကြပြီး ဒီဇင်ဘာလူထု အားကစားလနောက်ဆုံးပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း ပါဝင်ဆောင်ရွက်သူများအား ကရင်ပြည်နယ်အစိုးရ အဖွဲ့၏အစီအစဉ်ဖြင့် ဗလာမပါကံစမ်းမဲများဖွင့်ဖောက်ပေးခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ရေခဲသေတ္တာ၊ တီဗီ၊ ရေပူရေအေးစက်၊ လေအေး ပေးစက် ပန်ကာ အစရှိသော ဆုမဲများအား ဆုများပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှဦးစီး၍ အခြေခံပညာအဆင့် အမျိုးသား၊ အမျိုးသမီး လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ အဆင့်မြင့်ပညာအဆင့် အမျိုးသား၊ အမျိုးသမီးအပြေးပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် Small Goal သွင်းပြိုင်ပွဲ၊ အခြေခံပညာအဆင့် အမျိုးသား၊ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲ၊ အဆင့်မြင့်ပညာအဆင့် အမျိုးသား၊ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များ၊ အခြေခံပညာအဆင့်အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အဆင့်ပညာအဆင့် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များနှင့် သံလုံးပစ်ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အလားတူ ၂၀၂၃ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅) နှစ်အောက် အမျိုးသား ဘတ်စကတ်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ခန့်က ဘားအံမြို့၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
ဦးစွာဗိုလ်လုပွဲစဉ်အဖြစ် 5 x 5 (ငါးယောက်တွဲ) ပြိုင်ပွဲတွင် ဘားအံမြို့နယ် ဘတ်စကတ်ဘောအသင်းနှင့် ကော့ကရိတ်မြို့နယ် ဘတ်စကတ်ဘောအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဘတ်စကတ် ဘောအားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါဗိုလ်လုပွဲစဉ်တွင် ဘားအံမြို့နယ် အသင်းက ၄၉ မှတ် ၂၄ မှတ်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ပွဲစဉ်တစ်လျှောက်အကောင်းဆုံး အားကစားသမားဆု၊ 3 x 3 (သုံးယောက်တွဲ) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိသည့်အသင်းများ၊ 5 x 5 (ငါးယောက်တွဲ) ပြိုင်ပွဲတွင် ပူးတွဲတတိယဆုနှင့် ဒုတိယဆုရရှိသော အသင်းများအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားများပေးအပ်ချီးမြှင့်ပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က 5 x 5 (ငါးယောက်တွဲ) ပထမဆုရရှိသော အသင်းအား တစ်ဦးချင်းလည်ဆွဲဆုနှင့်ငွေသားဆုများ ပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်က 3 x 3 (သုံးယောက်တွဲ)နှင့် 5 x 5 (ငါးယောက်တွဲ)ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲ သွားသော ဘားအံမြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)