တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ (နောက်ဆုံးပတ်) သို့ ပါဝင်ဆင်နွှဲ

ထားဝယ်       ဒီဇင်ဘာ   ၃၀

ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်ရေး အားကစားလေ့ကျင့်သည့်အလေ့အကျင့်ကောင်းများရှိလာစေရေးနှင့် ကိုယ်လက် လှုပ်ရှားအားစားပြုလုပ်၍ ကျန်းမာကြံ့ခိုင်လာစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော တိုင်းဒေသကြီး ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ (နောက်ဆုံးပတ်)ကို ယနေ့နံနက် ၆ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားကွင်း၌ကျင်းပသည်။

ထို့နောက် ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းဒေသကြီးအားကစားနှင့် ကာယပညာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးက တာလွှတ်၍ဖွင့်လှစ်ပေးပြီး လမ်းလျှောက်ပွဲပါဝင်ဆင်နွှဲသူများက ရွှေဝယ်သီရီအားကစားကွင်းအတွင်း ဝိုင်းပတ်၍ ၁ မိုင်ခွဲ စုပေါင်းလမ်းလျှောက်ခဲ့ကြကာ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အတွဲ(၂)ကို စုပေါင်း၍ ပြုလုပ်ခဲ့ကြသည်။

ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ (နောက်ဆုံးပတ်) အပတ်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးကောလိပ်မှ ကျောင်းသား/ ကျောင်းသူများ၊ အခြေခံပညာကျောင်းများမှ  ဆရာ/ဆရာမများနှင့် ကျောင်းသား /ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်း(၁၃၀၀) ကျော်ခန့် တစ်ပျော်တစ်ပါး ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)