ထားဝယ် ဒီဇင်ဘာ ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ (Grade-12)သင်ရိုးသစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက “ပညာပန်းခင်း” သီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ဆရာဟူသည် ထာဝရကျောင်းသားကြီး ဖြစ်သည်နှင့်အညီ မိမိကိုယ်ကို ပြန်လည်သုံးသပ်၍ အသစ်အသစ်သော ပညာရပ်များကိုလည်း အစဉ်အမြဲလေ့လာဆည်းပူးနေရမည်ဖြစ်ကြောင်း၊ သို့မှသာ အရည်အသွေးရှိသော ကျောင်းသား၊ ကျောင်းသူများ မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ တပည့်များ၏ သင်ကြားသင်ယူမှုဖြစ်စဉ်တွင် ကိုယ်ပိုင်စိတ်ကူးအယူအဆများ ထုတ်ယူတတ်စေရန်၊ အပြန်အလှန်ဆွေးနွေးနိုင်စေရန် ဆရာ၊ ဆရာမများက လမ်းပြကူညီပေးရမည်ဖြစ်ကြောင်း၊ ပညာသည် မကုန်ခမ်းနိုင်သော အရင်းအမြစ်ဖြစ်သည့်အတွက် ပညာရေးအဆင့်အတန်းမြင့်မားအောင် နိုင်ငံတော်အနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ပြီး သင်ရိုးညွှန်းတမ်းများကို ခေတ်နှင့်အညီပြောင်း လဲရေးဆွဲခြင်း၊ အရည်အသွေးမြင့်မားသော ပညာရေးဖြစ်စေရေးအတွက် ယခုကဲ့သို့ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ဆွေးနွေးပွဲပြီး၍ သက်ဆိုင်ရာ ကျောင်းအသီးသီးသို့ ပြန်လည်ရောက်ရှိသည့်အခါ ဆွေးနွေးပွဲမှရရှိသော တန်ဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံကောင်းများကို မိမိတပည့်ကျောင်းသား၊ ကျောင်းသူများအား ထိရောက်စွာပြန်လည်သင်ကြားပို့ချပေးရန်လိုအပ်ကြောင်း၊ တိုင်းချစ်၊ ပြည်ချစ် ပြည်ထောင်စုစိတ်ဓာတ်များ၊ နိုင်ငံတော်က အားထားရသော သားကောင်းရတနာ၊ သမီးကောင်းရတနာများ၊ လူရည်ချွန်များ၊ ပညာပြည့်၀နှလုံးလှသော လူသားကောင်းများဖြစ်အောင် မွေးထုတ်ပေးကြရန်၊ တက္ကသိုလ်ဝင်တန်းအောင်ချက်အနေဖြင့် ဂုဏ်ထူးရရှိသူဦးရေ ယခင်နှစ် ထက်တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ကျောင်းအဆင့်အောင်ချက် ပိုမိုမြင့်မားအောင် ဆွေးနွေးပွဲရလဒ်ကောင်းများကို အခြေခံ၍ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှကြိုးစားအားထုတ်ပေးကြရန် လိုအပ်ကြောင်း၊ ပညာရေးကဏ္ဍ၏ ထူးချွန်အောင်မြင်မှုများဖြင့် တိုင်းဒေသကြီး၏ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်အောင် ပိုမိုကြိုးပမ်းပေးကြရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဦး က၂၀၂၃ -၂၀၂၄ ပညာသင်နှစ်သည်စနစ်သစ်ဖြင့် ပထမဆုံး ဖြေဆိုရမည်စာမေးပွဲဖြစ်သဖြင့် အောင်ချက်မြင့်မားရေးအတွက် ယခင်နှစ်ကထက်ပို၍ အားလုံးကဝိုင်းဝန်း ကူညီပံ့ပိုးကြ ရန်လိုအပ်ကြောင်း၊ Grade-12 သင်ရိုးသစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/သူများ အကောင်းဆုံး ဖြေဆိုနိုင်ရေးအတွက် ထားဝယ်တက္ကသိုလ်မှ ဘာသာရပ်အလိုက် ပို့ချမည့်ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများက သက်ဆိုင်ရာဘာသာရပ်အလိုက် အမှတ်ပေးစည်းမျဉ်းနှင့်အညီ သင်ကြားနိုင်ရေး၊ ဘာသာရပ်တစ်ခုခြင်းစီ၏ အလေးအနက်ထားပြီး ပို့ချရမည့်အပိုင်းများကို သိသာထင်ရှားစေခြင်း၊ လိုအပ်သော သင်ထောက်ကူပစ္စည်းများကို စနစ်တကျအသုံးပြုတတ်စေရေး၊ မှီငြမ်းကိုးကားရမည့်စာအုပ်များ စုဆောင်းတတ်စေရေး၊ မေးခွန်းဖြေဆိုမှုနှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များကိုရှင်းဆွေးနွေးတင်ပြပေးမှာ ဖြစ်ကြောင်းပြောကြားပြီး တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်ကဆွေးနွေးပွဲနှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားကာ ကျောင်းသား၊ ကျောင်းသူများက “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့” သီချင်းဖြင့်သီဆိုဂုဏ်ပြုသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက (Grade-12)သင်ရိုးသစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ကြည့်ရှုအားပေးသည်။
တနင်္သာရီတိုင်းဒေသကြီး (Grade-12)သင်ရိုးသစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ထားဝယ်တက္ကသိုလ်မှ ဦးဆောင်၍ အခြေခံပညာကျောင်းပေါင်းစုံမှ ဆရာ/မ(၅၅၁)ဦးအား ဒီဇင်ဘာ ၃၁ ရက်နေ့ထိ ရှင်းလင်းဆွေးနွေးပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)