ချောက် ဒီဇင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ကြက်သွန်နီစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း လီမိတက် အသင်းဝင် တောင်သူများအား အရင်းမပျောက် မတည်ချေးငွေပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၂၈ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်ရေးကော်မတီဝင်များ၊ ကြက်သွန်နီစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းလီမိတက် အသင်းဝင်တောင်သူများ တက်ရောက်ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က ချေးငွေပံ့ပိုးပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး၊ ပြည်တွင်း၊ ပြည်ပ တင်ပို့ရောင်းချမှု အဆင်ပြေချောမွေ့စေရေးနှင့် စျေးကွက်ရရှိရေးတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် တာဝန်ရှိသူများက နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက်မတည်ချေးငွေ ငွေကျပ် ၂၇၀ ဒသမ ၁၂၅သန်းကို မြို့နယ် တာဝန်ခံအားလည်းကောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်ရေး ကော်မတီဝင်များနှင့် မြို့နယ်တာဝန်ခံများက ကြက်သွန်နီစိုက်ပျိုးရေးနှင့် အထွေထွေ သမဝါယမအသင်းလီမိတက် အသင်းဝင်တောင်သူများအားလည်းကောင်း လွှဲပြောင်း ပေးအပ်သည်။
ချောက်မြို့နယ်အတွင်း ကြက်သွန်နီစိုက်တောင်သူ ၄၁၇ဦးရှိပြီး ကြက်သွန်နီစိုက်ဧက ၅၄၀ ဒသမ ၂၅ ဧက၊ စိုက်ပျိုးထားသည့် ကြက်သွန်နီတစ်ဧကလျှင် ချေးငွေ ငွေကျပ် ၅သိန်း၊ ချေးငွေကာလ ခြောက်လဖြစ်ပြီး အတိုးနှုန်းမှာ တစ်လလျှင် သုည ဒသမ ၇၀ ပြား ဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)