ပေါင်းတည်မြို့နယ်၌ လက်ဆွဲကောက်စိုက်စက်ပြပွဲပြုလုပ်

ပေါင်းတည် ဒီဇင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေးအတွက် လယ်ယာထွက်ကုန်တိုးတက်မြင့်မားရေးကို အထောက်အကူပြုမည့် Agro Future Myanmar လက်ဆွဲကောက်စိုက်စက်ပြပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်သည်။

ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီဝင်များနှင့် တောင်သူများတက်ရောက်ကြည့်ရှုကြသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးမြင့်လှိုင်က ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးရာတွင် အကျိုးဖြစ်ထွန်းနိုင်မှုရလာဒ်များကို အသိပညာပေးဟောပြောသည်။ ဆက်လက်၍ စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူးဦးအောင်နိုင်ဝင်းက ကောက်စက်စက်၏ လှုပ်ရှားလည်ပတ်မှုများကိုရှင်းလင်းပြောကြားကာ လက်တွေ့မောင်းနှင်ပြသပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ဆွဲကောက်စိုက်စက်ကိုယ်ထည်ကို စတီးလ်ဖြင့်တည်ဆောက်ထား၍ ပေါ့ပါးခိုင်မာပါကြောင်း၊ အင်ဂျင်ပါဝါ 1.5 KW/2Hp ရှိ၍ လုပ်ငန်းတွင်ကျယ်ကြောင်း၊ ဆီစားသက်သာကြောင်း၊ ၁ ရက်လျှင် ၅ ဧကစိုက်ပျိုးနိုင်ကြောင်း၊ မြန်မာပြည်တွင် ထုတ်လုပ်ထားသောကြောင့် ပြည်ပမှ ဝယ်ယူသည့်စက်များထက် ကုန်ကျစရိတ်သက်သာ၍ စျေးနှုန်းချိုသာကြောင်း၊ တန်ဖိုးငွေကျပ် ၂၈ သိန်းသာကုန်ကျမည်ဖြစ်ပြီး အရစ်ကျငွေပေးချေနိုင်ကြောင်းတို့ကို စက်မှုလယ်ယာဦးစီးဌာနမှူးက တောင်သူများအား

 ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)