၂၀၂၃-၂၀၂၄ ပညာသင်နှစ်(Grade-12)သင်ရိုးသစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ခရိုင်အဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဘုတ်ပြင်း ဒီဇင်ဘာ ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်(Grade-12) သင်ရိုးသစ်တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ခရိုင်အဆင့်အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အ.ထ.ကဘုတ်ပြင်းကျောင်း၊ နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (Grade-12) သင်ရိုးသစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခရိုင်အသီးသီးတွင် ပြုလုပ်ကျင်းပလျက်ရှိကြောင်း၊ ဘာသာရပ်များအလိုက် ဆရာ/ဆရာမများက ကျွမ်းကျင်စွာ သင်ကြားပို့ချနိုင်ရေးနှင့် ကျောင်းသား/ကျောင်းသူများအား ဘာသာရပ်များကို ပိုင်နိုင်စွာ လေ့ကျင့်သင်ကြားပေးခြင်းဖြင့် အောင်ချက်မြင့်မားရေးအတွက် အထောက်အကူပြုမှာဖြစ်ပါကြောင်း၊ ဆရာကြီး၊ ဆရာမကြီးများ၊ နည်းပြများ၏ ဆွေးနွေးပို့ချမှုများကို ဆွေးနွေးပွဲတက်ရောက်လာသည့် ဆရာ၊ ဆရာမအများအနေဖြင့် တက်ကြွစွာပါဝင်ဆွေးနွေးရင်း အချိန်တိုတိုအတွင်း  ဘာသာရပ်အားလုံးကို ဆောင်မြင်စွာ ဆွေးနွေးသွားစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဘုတ်ပြင်းခရိုင် ပညာရေးမှူးဦးဉာဏ်ထွန်းက အလုပ်ရုံဆွေးနွေးပွဲကျင်းပရသည့် ရည်ရွယ်ချက်များနှင့်ပတ်သက်သည်များ ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ဆရာကြီး၊ ဆရာမကြီး နည်းပြများနှင့်ဆွေးနွေးပွဲတက်ရောက်သူများက ဘာသာရပ်အခန်းအလိုက် တက္ကသိုလ်ဝင်တန်စာမေးပွဲမေးခွန်းနှင့်နည်းပြများက ဦးဆောင်ဆွေးနွေးခြင်း၊ ပြန်လည်ဆွေးနွေးခြင်း၊ ဘာသာရပ်ဆိုင်ရာသင်ရိုးသစ် သင်ခန်းစာများနှင့်ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်နိုင်ရေးစသည့်များကို (၁)ရက်တာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ နည်းပြများ၊ ကြီးကြပ်သူ ဆရာကြီး၊ ဆရာမကြီးများ၊ ဘာသာရပ်သင်ဆရာ၊ ဆရာမများ စုစုပေါင်း(၄၅)ဦး တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)