မင်းလှမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း (၁/၂၀၂၃) ဆင်းပွဲကျင်းပ

အထက်မင်းလှ ဒီဇင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့် လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်း (၁/၂၀၂၃) ဆင်းပွဲ အခမ်းအနား ယမန်နေ့ညနေ (၃)နာရီက ပေတောကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦး‌ကျော်စိုးလင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းတွင် သင်ကြားပို့ချ‌ပေးခဲ့သည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာများက သင်တန်းသားများ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

အဆိုပါ အရန်မီးသတ်တပ်ဖွဲ့လေ့ကျင့်ရေး မွမ်းမံသင်တန်း (၁/၂၀၂၃)တွင် သင်တန်းသား ၅၀ ဦးအား ဒီဇင်ဘာ(၄)ရက်နေ့မှ (၂၉)ရက်‌နေ့အထိ သင်တန်းနည်းပြများက စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)