ကြံခင်း ဒီဇင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် မြို့နယ်သံဃာနာယကဝိနည်းဓိုရ် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၈ ရက်နေ့နံနက်ပိုင်းက ကြံခင်းမြို့ ရွှေညောင်ပင်ဘုန်းတော်ကြီးကျောင်းတိုက်အတွင်းရှိ ပညာဆီမီးဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ တက်ရောက်လာကြကုန်သော နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် နိုင်ငံတော်ဝိနည်းဓိုရ် ကွေ့မတောင်ပုံကျောင်းဆရာတော်၊ တိုင်းဒေသကြီးသံဃာနာယကအဖွဲ့ ဥက္ကဋ္ဌနှင့် ဆရာတော်ကြီးများ၊ သံဃာတော်အရှင်သူမြတ်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှ တာဝန်ရှိသူများက "နမောတဿ" သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီးနောက် နိုင်ငံတော်ဗဟို သံဃဝန်ဆောင် နိုင်ငံတော်ဝိနည်းဓိုရ် ကွေ့မတောင်ပုံကျောင်းဆရာတော် သာသနာ့ဓဇဓမ္မာစရိယဘဒ္ဒန္တဝရဉာဏ၊ တိုင်းဒေသကြီးသံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဝိဇယ ဆရာတော်ကြီးများက ဩဝါဒစကားမိန့်ကြားချီးမြှင့်သည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က သာသနာရေးဆိုင်ရာများကို လျှောက်ထားဆွေးနွေးပြီး "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုကြကာ အခမ်းအနားဖွင့်ပွဲ ပြီးမြောက်ခဲ့သည်။ ယင်းနောက် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းကျင်းပရာ မြို့နယ်အတွင်း သံဃာတော်အရှင်သူမြတ် (၆၅) ပါး သင်တန်းတက်ရောက်ကြောင်းနှင့် နည်းပြအဖြစ် နိုင်ငံတော် ဗဟိုသံဃဝန်ဆောင် နိုင်ငံတော်ဝိနည်းဓိုရ် ကွေ့မတောင်ပုံကျောင်းဆရာတော်၊ တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးများနှင့် တိုင်းဒေသကြီးသာသနာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်စိုးတို့က (၂၈-၁၃-၂၀၂၃)မှ(၂၉-၁၂-၂၀၂၃)ရက်နေ့ထိ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)