မင်းဘူး ဒီဇင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ပညာရေးဝန်ကြီးဌာန၊ အခြေခံ ပညာဦးစီးဌာနက ပြည်ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်သည့် ဆင်ခေါင်းကျွေးရွာ အခြေခံညာအထက်တန်းကျောင်း RC နှစ်ထပ်ကျောင်းဆောင်သစ် ရာနှုန်းပြည့်ဆောက်လုပ်ပြီး၍ ယခုလ ၂၈ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဒီဇင်ဘာ ၂၈ ရက်က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကျောင်းဆောင်သစ် ကဗျည်းမော်ကွန်းအား အမွှေးနံ့သာရေများ ပက်ဖျန်း၍ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီးနောက်၊ စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့နှင့် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် ဧည့်ခံဖျော်ဖြေခဲ့ကြသည့် ဆင်ခေါင်း အ.ထ.ကမှ ကျောင်းသား/ကျောင်းသူ အဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
မင်းဘူး(စကု)မြို့နယ် ဆင်ခေါင်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းကို ၁၉၅၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ ယခုဆိုလျှင် နှစ်ပေါင်း (၇၀)ကျော် ကြာမြင့်ပြီ ဖြစ်ကာ နှစ်စဉ် ကျောင်းသားဦးရေ များပြားလာသည်နှင့်အမျှ စာသင်ခန်းများ လိုအပ်ချက်အရ ယခုလို ဆောက်လုပ်ရခြင်းဖြစ်ကြောင်း၊ အဆိုပါကျောင်းကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက ၂၀၂၂-၂၀၂၃ မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ (၂)နှစ်ဆက်ဖြင့် ပြည်ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေ ၃၂၅ ဒသမ ၉၆၂ ကျပ်သန်းဖြင့် (အလျားပေ ၁၄၀ x အနံ ပေ ၃၀ )ရှိ စာသင်ခန်း ရှစ်ခန်းပါဝင်သော RC နှစ်ထပ်ကျောင်းဆောင်သစ်ကို တိုးချဲ့ ဆောက်လုပ်ခွင့်ပြုပေးခဲ့ကြောင်း ဆင်ခေါင်းအ.ထ.ကမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်အေးက ပြောသည်။
အဆိုပါ ကျောင်းဆောင်သစ် ဆောက်လုပ်ပေးနိုင်ခဲ့သည့်အတွက် မူလတန်း ၆၀၇ ဦး၊ အလယ်တန်း ၁၃၉ ဦးနှင့် အထက်တန်း ၈၁ ဦး စုစုပေါင်း ကျောင်းသားအင်အား (၈၂၇)ဦးအား ဆရာ/ဆရာမ ၃၅ ဦးက စာသင်ခန်းပေါင်း ၂၁ ခန်း၌ ကျယ်ကျယ်ဝန်းဝန်းဖြင့် ကျောင်းစာများကို စိတ်အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)