ကျိုက်လတ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) ကျောင်းတွင်းစာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပ

ကျိုက်လတ် ဒီဇင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းတွင်းပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများကို မြို့နယ်အခြေခံပညာဦးစီးဌာနက ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများရှိ  ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းနေအရွယ်ကလေးများ  ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ရသ၊ သက်မွေးဘက်စုံပညာရေးစသည့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏ အနာဂတ်မျိုးဆက်သစ်များ မွေးထုတ်ပေးရာ အခြေခံအဆောက်အအုံဖြစ်သည့် အားလျော်စွာကျန်းမာကြံ့ခိုင်သော ကာယ၊ ဉာဏလုပ်သားကောင်းများ၊ ထူးချွန်ထက်မြက်သော နိုင်ငံတော်ကိုယ်စားပြု မျိုးဆက်သစ်များမွေးထုတ်ပေးရသည့် ပညာရေးဝန်ကြီးဌာနအတွက် အလေးပေးဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုဖြစ်‌ကြောင်း၊ အခြေခံပညာကျောင်းများတွင်  ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ကျောင်းသား၊ ကျောင်းသူတို့အတွက် ကျန်းမာရေးနှင့်ညီညွတ်ပြည့်စုံပြီး လုံခြုံစိတ်ချစွာ ပညာသင်ယူရာဌာနဖြစ်လာစေရေး၊ ကျောင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် မိဘများ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အထွေထွေဗဟုသုတရရှိနိုင်ရန် နိုင်ငံအတွင်းရှိ ကျင်းပသော အထိမ်းအမှတ်ပြပွဲ၊ ပြိုင်ပွဲနှင့်ဟောပြောပွဲများ သိရှိနိုင်ရန်အတွက်ရည်ရွယ်၍ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိ‌ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးလျက်ရှိပြီး ဆုရရှိသူများအား (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဂုဏ်ပြုဆုများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်မင်းအောင်