မြိတ် ဒီဇင်ဘာ ၃၀
၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၏ ပညာရေးအရည်အသွေးမြှင့်မားစေရန်နှင့် တက္ကသိုလ်ဝင်တန်း(Grade-12) အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို မြိတ်မြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမတွင် ယနေ့ နံနက်(၉)နာရီက ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး မြိတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် အားဖြည့်ဆောင်ရွက်ထားမှု အခြေအနေများကို ဆွေးနွေးပြောကြား၍ မြိတ်ခရိုင်ပညာရေးမှူး ဒေါ်လှလှအေးက အလုပ်ရုံဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားသည်။
ထိုနောက် ဆွေးနွေးပွဲ၌ ဦးဆောင်ဆွေးနွေးသွားမည့် မြိတ်တက္ကသိုလ် ဌာနအသီးသီးမှ ပါမောက္ခဌာနမှူးများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး ဆွေးနွေးပွဲကိုစတင်ခဲ့ကာ ခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်မှ တက္ကသိုလ်ဝင်တန်းသင် ဆရာ/မ(၃၂၆)ဦးအား မြိတ်တက္ကသိုလ် ဌာနအသီးသီးမှ ပါမောက္ခဌာနမှူးများက ဦးဆောင်၍ ဒီဇင်ဘာ(၃၀)ရက်မှ(၃၁)ရက်နေ့အထိ ဘာသာရပ် အသီးသီးအလိုက် ဆွေးနွေးကြမည်ဖြစ်သည်။
မြိတ်ခရိုင်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/သူများအနေဖြင့် မြိတ်မြို့နယ်တွင် ကျောင်းသား/သူ(၁၂၁၁)ဦးကို စာစစ်ဌာန(၄)ခု၊ ကျွန်းစုမြို့နယ်တွင် ကျောင်းသား/သူ(၂၇၄)ဦးကို စာစစ်ဌာန(၁)ခု၊ ပုလောမြို့နယ် ကျောင်းသား/သူ(၁၇၄)ဦးကို စာစစ်ဌာန(၁)ခု၊ တနင်္သာရီမြို့နယ်တွင် ကျောင်းသား/သူ(၁၁၀)ဦးကို စာစစ်ဌာန(၁)ခု စုစုပေါင်း ကျောင်းသား/သူ(၁၇၆၉)ဦးကို စာစစ်ဌာန(၇)ခုဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း မြိတ်ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
ခိုင်ထူး (ပြန်/ဆက်)