လက်ပံတန်း ဒီဇင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ဆောင်းသီးနှံ ပန်းတိုင် အထွက်နှုန်းပြည့်မီရေးနှင့် သုံးသီးစိုက်ဧကများ လျာထားဧကပြည့်မီကျော်လွန်ရေးအတွက် မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ အသိပညာပေးဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းက ချမ်းသာကုန်းကျေးရွာအုပ်စု စိုက်ပျိုးရေးစခန်းတွင်ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းအောင်က ကျေးရွာတောင်သူများနှင့်တွေ့ဆုံ၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မိမိတို့ဒေသ၌ မြေပဲ၊ မတ်ပဲနှင့် ပဲတီစိမ်း သီးနှံများကို ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော် လွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုလာမည့် ဆောင်းသီးနှံနှင့် နွေစပါး စိုက်ပျိုးရာတွင် ရည်မှန်းထားသော သီးနှံများ ပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်ရေးအတွက် မိမိတို့မြို့နယ် စိုက်ပျိုးကြီးကြပ်မှု ကော်မတီအနေဖြင့် အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် တက်ရောက်လာကြသည့် တောင်သူများအနေဖြင့်လည်း ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အကောင်အထည်ဖော် စိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်များ အသုံးပြု စိုက်ပျိုးရန်၊ စိုက်ချိန်နောက်မကျစေရန်၊ မြေပြုပြင်ရာတွင် စနစ်တကျပြုပြင်ပြီး သွင်းအားစုများ ထည့်သွင်း အသုံးပြုရန်လိုအပ်ကြောင်းနှင့် နည်းပညာဆိုင်ရာများအတွက် အခက်အခဲများ ဆွေးနွေးကြ စေလိုကြောင်း ပြောကြားခဲ့သည်။
ဆွေးနွေးပွဲသို့ ချမ်းသာကုန်းကျေးရွာအုပ်စုနှင့် ကျွန်းကလေးကျေးရွာအုပ်စုမှ တောင်သူများ တက်ရောက် ခဲ့ကြပြီး မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များဖြစ်ကြသည့် သက်ဆိုင်ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဆောင်းသီးနှံစိုက်ပျိုးမှုအတွက် အထွက်မျိုးကောင်းများ အသုံးပြု စိုက်ပျိုးရေး၊ ဓာတ်မြေဩဇာနှင့်သွင်းအားစုများကို စနစ်တကျအသုံးပြုရေး၊ နွေစပါးစိုက်ပျိုးရာတွင် ကြဲခင်းစိုက်ပျိုးခြင်း မပြုဘဲ စနစ်တကျ အစေ့ချစိုက်ပျိုးခြင်းနှင့် ဘောင်စနစ်ပျိုးထောင်၍ ကောက်စိုက်စက် အသုံးပြုစိုက်ပျိုးခြင်းများကို အသိပညာပေးဆွေးနွေးပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေကာ တက်ရောက်လာသည့် တောင်သူများမှလည်း သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)