ကန်ကြီးထောင့် ဒီဇင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်း (၁/၂၀၂၃) သင်တန်းကို ဒီဇင်ဘာလ (၄) ရက်နေ့က စတင်ဖွင့်လှစ်ပို့ချလျက်ရှိရာ သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုးက သင်တန်းဆင်းမိန့်ခွန်းအား ပြောကြားပြီး အရန်မီးသတ်တပ်ရင်း(၁) ဒုတိယတပ်ရင်းမှူး ဦးခင်မောင်လွင်၊ အရန်မီးသတ်တပ်ရင်း(၂) ဒုတိယ တပ်ရင်းမှူး ဦးမြင့်သန်းနှင့် အရန်မီးသတ်တပ်ရင်း(၃) ဒုတိယတပ်ရင်းမှူး ဦးခင်မောင်ဝင်းတို့က သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ကြသည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးက ရာထူးအဆင့်တံဆိပ်များအား သက်ဆိုင်ရာ မီးသတ်တပ်သားများသို့ တပ်ဆင်ပေးခဲ့သည်။
အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းတွင် မီးငြှိမ်းသတ်နည်းများ၊ ရှာဖွေကယ်ဆယ်ရေးနည်းစနစ်များ၊ အသက်ရှူကရိယာ BA Set အသုံးပြုနည်း၊ ရှာဖွယ်ဆယ်ရေးအသုံးပြုနည်းများကို သက်ဆိုင်ရာသင်တန်းနည်းပြများက သင်တန်းသား (၅၀) ဦးတို့အား စာတွေ့လက်တွေ့သင်ကြား ပို့ချပေးခဲ့ကြာင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)