ဟားခါးတက္ကသိုလ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ်ဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

ဟားခါး ဒီဇင်ဘာ ၃၀

ချင်းပြည်နယ်၊ ဟားခါးတက္ကသိုလ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးတက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီက ကျောင်းသား၊ ကျောင်းသူများနှင့် ယနေ့လူငယ်လူရွယ်များအနေဖြင့် လွတ်လပ်ရေးနေ့သမိုင်းကြောင်းသိရှိစေရန်၊ လွတ်လပ်ရေးအနှစ်သာရ သိရှိနားလည်လာစေရန်နှင့် လွတ်လပ်ရေးအဓွန့်ရှည်တည်တံ့အောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သင့်ကြောင်း သိရှိလာစေရန်ရည်ရွယ်ချက်ဖြင့် လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ်ဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနား ပြုလုပ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ဟားခါးတက္ကသိုလ်သမိုင်းဌာနပါမောက္ခဆရာကြီး ဒေါက်တာတာနန်းလှိုင်က (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ်နှင့်အညီ လွတ်လပ်ရေး အဓွန့်ရှည်တည်တံ့ရေးကို စဉ်းစားခြင်းခေါင်းစဉ်ဖြင့် ဟောပြောသည်။

ယင်းနောက် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာပြိုင်ပွဲတွင် ပထမရရှိသည့် မစီးထိုက်ဆုန်၊ ဒုတိယရရှိသည့် မချယ်ရီမေအောင်၊ တတိယရရှိသည့် မငွန်တလဲမ်း၊ စာစီစာကုံးပြိုင်ပွဲတွင် ပထမရရှိသည့် မရွှေလှေဆုန်၊ ဒုတိယရရှိသည့် မမေရီဆန်း ၊ တတိယရရှိသည့် မရွှေငွန်ပါရ်နှင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမရရှိသည့် မငွန်နယ်တလဲမ်း၊ ဒုတိယရရှိသည့် မငွန်ဒေါင်းတို့အား ဟားခါးတက္ကသိုလ်ပါမောက္ခ(ဌာနမှူး)များက ဆုများပေးအပ်ချီးမြှင့်ကြပြီး ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်က (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ်နှင့်အညီ လွတ်လပ်ရေးအဓွန့်ရှည်တည်တံ့ရေးကိုစဉ်းစားခြင်း ခေါင်းစဉ်ဖြင့်ဟောပြောသည့် သမိုင်းဌာန၊ ပါမောက္ခဆရာကြီးအား လက်ဆောင်ပစ္စည်းပေးအပ်၍ နိဂုံးချုပ်အမှာစကားပြောကြားကာ ဆုရရှိသူများနှင့် အမှတ်တရမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)