မင်းဘူး ဒီဇင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ အားကစားလ နောက်ဆုံးပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၅ နာရီ ၄၅ မိနစ်အချိန်က မင်းဘူးမြို့၊ ပြည်သူ့အားကစားကွင်းရှေ့ မိန်းလမ်းမကြီးတွင် စုရပ်ပြုလုပ်၍ ကျင်းပရာ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စုပေါင်းလမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲကြသူများက စုရပ်ဖြစ်သည့် မင်းဘူးမြို့၊ ပြည်သူ့အားကစားကွင်းရှေ့ မြို့တွင်းမိန်းလမ်းမကြီးအတိုင်း မင်းဘူးမြို့၊ ဦးဩဘာသခန်းမအထိ ပျော်ရွှင်စွာ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး မင်းဘူးမြို့၊ ပြည်သူ့အားကစားကွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကာ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အကြော့လျှော့ လေ့ကျင့်ခန်းများနှင့် ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများကို တစ်ပျော်တစ်ပါး စုပေါင်းဆောင်ရွက်ခဲ့ကြပြီး မင်းဘူးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့ ကျောင်းသားကျောင်းသူများ၊ မင်းဘူးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းများနှင့် မင်းဘူး(စကု)မြို့နယ် စကုမြို့၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက တေးသရုပ်ဖော် အကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
ထို့နောက် လမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲခဲ့ကြသည့် ကျောင်းသားကျောင်းသူများကို ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကာ ပျော်ပွဲရွှင်ပွဲ ကွင်းတွင်းအားကစားအစီအစဉ်တွင် ပါဝင် ဆင်နွှဲကြသူများကို ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် ဌာနဆိုင်ရာတာဝန်ရှိသူများက လမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲခဲ့ကြသူများကို ဗလာမပါ ကံစမ်းမဲများ မဲဖောက်ပေးခဲ့ပြီး နံနက်စာ မုန့်ဟင်းခါး၊ ကြာဇံဟင်းခါးများဖြင့် ကျွေးမွေးခဲ့ကြကြောင်း သိရသည်။
မင်းဘူးမြို့၌ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒီဇင်ဘာ အားကစားလ လူထုစုပေါင်း လမ်းလျှောက်ပွဲကို ပြည်သူများ ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းပြီး စိတ်နှလုံးရွှင်လန်းစေရန်၊ စည်းလုံးညီညွတ်စွာဖြင့် ကိုယ်လက်ကျန်းမာ လေ့ကျင့်မှုများ ဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်စေရန် ရည်ရွယ်၍ နှစ်စဉ်ကျင်းပဆင်နွှဲလျက်ရှိကြောင်း သိရကာ ယနေ့နံနက်ပိုင်းက ဒီဇင်ဘာ အားကစားလ နောက်ဆုံးပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများက ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းထံမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)