တိုင်းဒေသကြီးဝန်ကြီးချုပ် ပင်စင်လာရောက်ထုတ်ယူကြသည့် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ဆန်၊ ဆီနှင့် ကြက်ဥများ သွားရောက်ထောက်ပံ့ပေးအပ်

ပုသိမ် ဒီဇင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူသည့် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဆန်၊ ဆီနှင့် ကြက်ဥများ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ပင်စင်လာရောက် ထုတ်ယူသည့် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ပြီး ဆန်၊ ဆီနှင့်ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် ပုသိမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်တာဝန်ရှိသူများက အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန်၊ ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန်အတွက် ဌာနဆိုင်ရာများ ပေါင်းစပ်ဆောင်ရွက်ပေးရန်၊ ဘဏ်သို့ပင်စင်လာရောက်ထုတ်ယူနိုင်ခြင်း မရှိသည့် အငြိမ်းစားဝန်ထမ်းများကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရေး ဆောင်ရွက်ပေးရန်၊ ၆ လ ၁ ကြိမ် ကျန်းမာရေးစစ်ဆေးမှုများ ပြန်လည်ဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။

ထို့နောက် တာဝန်ရှိသူများက ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ပြီး လိုအပ်သောဆေးဝါးများ ထောက်ပံ့ပေးခဲ့သည်။

ထို့အတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများအား တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ပြီးနောက် ကျောင်းကုန်းမြို့နယ် ခုတင်(၁၀၀)ဆေးရုံတွင် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား အထွေထွေရောဂါအထူးကု၊ ဓာတ်မှန်အထူးကု၊ အရိုးအကြောအဆစ် ခွဲစိတ်အထူးကု ဆရာဝန်ကြီးများက ကျန်းမာရေးစောင့်ရှောက်မှု ပေးနေမှုများကို ကြည့်ရှု၍ အားပေးစကားများပြောကြားခဲ့ကာ ဆန်၊ ဆီနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် မအူပင်ခရိုင်၊ ပန်းတနော်မြို့၊ အလယ်ပိုင်းရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဘေးလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့နှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီးတို့အား တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌတို့က ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရ လက်ဆောင်အားပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ပန်းတနော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ပြီး အလျား ၇၄၄ ပေ၊ အကျယ် ၁၀ ပေနှင့် ထု ၆ လက်မရှိပြီး ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့အင်္ဂါရပ်နှင့်အညီ သာယာလှပစေရန်နှင့် ရပ်ကွက်နေပြည်သူများ သွားလာမှုလွယ်ကူစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပန်းတနော်မြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူသည့် ပင်စင်စားနိုင်ငံ့ဝန်ထမ်း များအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ပြီး ဆန်၊ ဆီနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)